အမေရိကန်တစ်ဝန်း “No Kings” အမည်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပ၊ မင်နီဆိုးတားပြည်နယ်တွင် လူထုအင်အားအများဆုံး စုဝေး

(နိုင်ငံတကာ)မတ် ၂၉

    သမ္မတ ထရန့်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သည့် အနေဖြင့် “No Kings” (ရှင်ဘုရင်များ မရှိစေရ) ဟု အမည်ပေးထားသော တတိယအကျော့ ဆန္ဒပြပွဲများကို စနေနေ့က အမေရိကန်တစ်ဝန်းရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ကျင်းပခဲ့ကြသည်။

     ယခုဆန္ဒပြပွဲ၏ အဓိကအကျဆုံး လူထုစုဝေးပွဲကို မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ် (St. Paul) မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါနေရာသည် ယခုဆောင်းရာသီအတွင်းက လူဝင်မှုကြီးကြပ်ရေး အဖမ်းအဆီး စစ်ဆင်ရေးပြုလုပ်စဉ် အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့သည့် နေရာလည်း ဖြစ်သည်။

     အမေရိကန်သမိုင်းတွင် “အကြီးမားဆုံးသော အကြမ်းမဖက် လှုပ်ရှားမှုနေ့” ဖြစ်လာလိမ့်မည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားကြပြီး အမေရိကန်ပြည် ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် လူပေါင်းသန်းချီ၍ စုဝေးကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

     အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅၀ လုံးနှင့် မြို့ကြီးများတွင် ချီတက်ပွဲပေါင်း ၃,၂၀၀ ကျော်ကို စီစဉ်ကျင်းပခဲ့ကြသည်။ ဆန္ဒပြပြည်သူများသည် သမ္မတထရန့်၏ အီရန်နှင့်စစ်ပွဲကို ကိုင်တွယ်ပုံ၊ မြင့်တက်လာသော လောင်စာဆီဈေးနှုန်းများနှင့် အစိုးရ ၏ အစု လိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး အစီ အစဉ်များအပေါ် ၎င်းတို့၏ မကျေနပ်ချက်များကို အသံထုတ်ဖော်ခဲ့ကြသည်။

     မြို့ကြီးအတော်များများတွင် ဆန္ဒပြသူ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ မရှိခဲ့သော်လည်း အချို့သောနေရာများတွင်မူ ဆန္ဒ ပြပွဲများမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

     မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ် (St. Paul) မြို့ကို ဆန္ဒပြပွဲ၏ ဗဟိုချက်အဖြစ် ရွေးချယ်ရခြင်းမှာ ထူးခြားသော အဓိပ္ပာယ်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်းက ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အဖမ်း အဆီး စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်နိုင်ငံ သားနှစ်ဦးဖြစ်သည့် အဲလက်စ် ပရက်တီ (Alex Pretti) နှင့် ရီနေး ဂွတ်ဒ် (Renee Good) တို့ သေဆုံးခဲ့မှုကြောင့် Twin Cities ဒေသသည် တင်းမာမှုများ မြင့်တက်နေသည့် နေရာဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် ဆန္ဒပြသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် အစိုးရ၏ ကိုင်တွယ်ပုံ နည်းဗျူဟာများအပေါ် ပြင်း ထန်သော ဝေဖန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

စနေနေ့က စိန့်ပေါလ်မြို့တွင် ပြုလုပ်သော လူထုစုဝေးပွဲ၌ မင်နီဆိုးတားအုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) က အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အင်အားသုံးနှိမ်နင်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ ၎င်းက “ကျွန်တော့်ပြည်နယ်က ပြည်သူတွေဟာ ဒီနေရာမှာ သူတို့(အစိုးရ) ဘာတွေလုပ်ခဲ့သလဲဆိုတာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ကြွေး ကြော်သံများ ဆူညံနေသည့် လူအုပ်ကြီးကို ပြောကြားခဲ့သည်။

     ပထမဆုံးအကြိမ် “No Kings” ဆန္ဒပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သမ္မတထရန့်၏ မွေးနေ့တွင် ဝါရှင်တန်ဒီစီ၌ စစ် ရေးပြအခမ်းအနား ကျင်းပရန် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြသဖြင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

     “No Kings” လှုပ်ရှားမှု စတင်ပေါ်ပေါက်လာချိန်ကတည်းက ပွဲစီစဉ်သူများသည် အကြမ်းမဖက်ရေးမူဝါဒကိုသာ အစဉ်တစိုက် လိုက်နာကျင့်သုံးရန် ဟော ပြောစည်းရုံးခဲ့ကြသည်။ အမေရိကန်တစ်ဝန်းရှိ မြို့ကြီးများတွင် ဖက်ဒရယ်အေးဂျင့် (Federal Agents) အမြောက်အမြား ဖြန့်ကြက်ထားပြီး ဟန့်တားနှိမ်နင်းမှုများနှင့် ရင်ဆိုင်ရနိုင်သော်လည်း၊ စနေနေ့တွင် ဆန္ဒပြသူများအနေဖြင့် ငြိမ်းချမ်းစွာသာ ဆက်လက်လုပ် ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

     စနေနေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် “No Kings” ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ အဘီဂေးလ် ဂျက်ဆင် (Abigail Jackson) က  “ဒီ ‘ထရန့်ကြောင့် စိတ်နောက်နေသူတွေရဲ့ ကုထုံးသင်တန်း (Trump Derangement Therapy Sessions)’ တွေကို စိတ်ဝင်တစားရှိနေတဲ့သူဆိုလို့ ဒီသတင်းကို လိုက်ရေးဖို့ အခကြေးငွေရနေတဲ့ သတင်း ထောက်တွေပဲ ရှိပါတယ်” ဟု ၎င်းက လှောင် ပြောင်ပြောကြားခဲ့သည်။

​#NoKingsProtest #USAUpdate #MinnesotaRally #TrumpAdministration #EnergyCrisis #MiddleEastWar #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN