
(မိုး/ဇလ) မတ် ၂၆
အပူချိန် ၄၁ ဒီဂရီမှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်းတွင် အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန်မြင့်မားလာပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်ကာ ၅၄ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် ပြည်သူလူထုများ အထူးသတိထားရန် သက်ဆိုင်ရာမှ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်းနှင့် အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ အထူးသတိထားရန်လည်း ပြောဆိုထားသည်။
ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာ ရှိနေပါက မောပန်းခြင်း၊ ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်ကြောင်း နှင့် အပူချိန် ၃၂ ဒီဂရီမှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်ေပါ်နိုင်ကြောင်းသိရသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပေါ်ပါက ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် ချွေးအလွန်အကျွံထွက်ခြင်းတို့ကဲ့သို့ လက္ခဏာများ တွေ့ရှိနိုင်ပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အပူဒဏ်အန္တရာယ် ခံစားရသူများကို တွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုမှုများ ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသင့်ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားကြောင်းသိရသည်။