
(မှုခင်း) မတ် ၂၆
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်အနီးရှိ ဆီဆိုင်တွင် ယနေ့ မွန်းလွဲပိုင်းအချိန်က စက်သုံးဆီဝယ်ယူရန်တန်းစီစောင့်ဆိုင်းနေစဥ် အမျိုးသားတစ်ဦး သတိလစ်သေဆုံးသွားကြောင်း သိရသည်။။
အဆိုပါ သေဆုံးသူအမျိုးသားမှာ Fielder အမျိုးအစား ယာဉ် FF/5184မောင်းနှင်သည့် ယာဥ်မောင်းဖြစ်ပြီး ဆီတန်းစီနေစဥ် သတိလစ်သွားခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။။
မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်းနှင့် အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ အထူးသတိထားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပေါ်ပါက ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် ချွေးအလွန်အကျွံထွက်ခြင်းတို့ကဲ့သို့ လက္ခဏာများ တွေ့ရှိနိုင်ပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။