

(မှုခင်း) မတ် ၁၃
PDF အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် တောင်တွင်းကြီးမြို့နယ်နှင့် မြိတ်မြို့နယ်တို့မှ အရပ်သားပြည်သူများ သေဆုံးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ ဦးအောင်မျိုးထွန်း (၄၀)နှစ်သည် မတ် ၁၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ပဲခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမား နှစ်ဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တပ်တောင်ကျေးရွာနေ ဦးရဲနိုင်(၄၂)နှစ်သည် မတ် ၉ ရက် နံနက် ၈ နာရီတွင် အဆိုပါကျေးရွာရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရွာလမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များသည် အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ရဟန်းသံဃာများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။