လွှတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက်တဲ့ “မြန်မာ့မျက်နှာစာသစ်ဖိုရမ် နေပြည်တော်မှာ ကျင်းပ

(ပြည်တွင်း) မတ် ၁၃

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေပါတက်ရောက်နေတဲ့ “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန MICC-I မှာ ကျင်းပပြုလုပ်နေပါတယ်။

အဆိုပါဖိုရမ်ကို မတ်လ ၁၃ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၂ ရက်တာကျင်းပမှာဖြစ်ပြီး ဒီနေ့ဖိုရမ်ဖွင့်ပွဲကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းကနေ စတင်ကျင်းပနေတဲ့ “မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သလို တက်ရောက်ဆွေးနွေးကြမယ့် နိုင်ငံခြားပညာရှင်တွေကို အမှတ်တရ လက်ဆောင်တွေ ပေးအပ်ခဲ့တာကိုလည်းတွေ့ရသလို ပညာရှင်တွေကလည်း တစ်ဦးချင်းမိတ်ဆက်တာတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဖိုရမ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာရှင်တွေ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တွေကလည်း တေးသီချင်းတွေ အကအလှတွေနဲ့ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

၂ ရက်တာကျင်းပမယ့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ခဲ့ကြသလို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့က ပညာရှင်တွေလည်းတက်ရောက်ကြတာတွေ့ရပါတယ်။