
(နိုင်ငံတကာ) မတ် ၁၃
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်အတွင်း တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နင်းရန်အတွက် ပြည်နယ်အဆင့် အေဂျင်စီများပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးနှစ်ခုကို ယမန်နေ့ မတ်လ ၁၂ ရက်က စီးနင်းစစ်ဆေးခဲ့ရာ တရားမဝင် အလုပ်သမား ၃၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံး၏ ညွှန်ကြားချက်အရ အလုပ်သမားရေးရာ ကျွမ်းကျင်သူ မစ္စတာ ခါဂျွန် ဆက်ချန်သောင် ဦးဆောင်သောအဖွဲ့သည် ချွန်ဘူရီပြည်နယ် အလုပ်သမားရုံးနှင့် ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေး ကွပ်ကဲမှုဌာန (ISOC) တို့နှင့် ပူးပေါင်း၍ ခရိုင်နှစ်ခုရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ပစ်မှတ်ထား စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အသေးစိတ် စစ်ဆေးမှုအရ ဖမ်းဆီးရမိသူ ၃၅ ဦးအနက် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၄ ဦးစုစုပေါင်း ၃၁ ဦးတို့မှာ တရားဝင် အလုပ်လုပ်ခွင့် ဗီဇာနှင့် ခွင့်ပြုမိန့်များ မရှိဘဲ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့အားလုံးကို “နိုင်ငံခြားသား အလုပ်လုပ်ကိုင်ခွင့် အက်ဥပဒေ” အရ “အလုပ်လုပ်ခွင့်မရှိဘဲ တရားမဝင် အလုပ်လုပ်ခြင်း” ဖြင့် တရားစွဲဆိုရန်အတွက် ဘန်ဘွန်းရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။
အဆိုပါစီးနင်းမှုအပြီးတွင် ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံးက တရားမဝင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားသည့် လုပ်ငန်းရှင်များကိုလည်း ခြေရာခံ၍ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။