
(မှုခင်း) နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တို့တွင် နိုဝင်ဘာ ၂၃ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အရပ်သားအမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပထမဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးသိန်းစံ၊ အသက် ၆၃ နှစ်သည် လယ်ကွင်းသို့ ကောက်ရိတ်ရန် သွားရောက်စဉ် PDF အမည်ခံအဖွဲ့ဝင် သုံးဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီခန့်တွင် မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦးအာကာလင်း၊ အသက် ၄၄ နှစ်သည် မြိတ်မြို့မှ ထားဝယ်မြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါပစ်ခတ်မှုကို KNU အဖွဲ့နှင့် PDF အမည်ခံအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဦးအာကာလင်းမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ပစ်ခတ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။