PDF အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင် ၆၁၆၀ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

(ပြည်တွင်း) နိုဝင်ဘာ ၂၆


PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ စုစုပေါင်း ၆၁၆၀ ဦးအထိ အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက Positive Angle News (PAN) ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။


နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးအတွက် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်တွင် ဖော်ပြထားသည်။


ထို့ပြင် အဆိုပါဖိတ်ခေါ်မှုများအပေါ် တုံ့ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များ အလင်းဝင်ရောက်မှုများရှိနေပြီး အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် အလင်းဝင်ရောက်သူ အင်အား ရာနှင့်ချီရှိကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားထားသည်။


PAN အနေဖြင့် ပြီးခဲ့သည့်အစိုးရလက်ထက်မှ ယနေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် PDF အဖွဲ့ဝင်များ အလင်းဝင်ရောက်မှု အကြိမ်ရေ၊ အရေအတွက်၊ ပါဝင်သည့်အဖွဲ့များနှင့် အလင်းဝင်ရောက်လာသူများထံမှ ပါဝင်လာသည့် လက်နက်ခဲယမ်းအရေအတွက်တို့ကို သိရှိနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။


ယင်းမေးမြန်းမှုအပေါ် ဝန်ကြီးဌာနက PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ စုစုပေါင်း ၆၁၆၀ ဦး အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် အလင်းဝင်ရောက်မှု အကြိမ်ရေ၊ အဖွဲ့အလိုက် ပါဝင်မှုနှင့် လက်နက်ခဲယမ်းအရေအတွက် အသေးစိတ်ကို ယခုရရှိထားသည့် ဖြေကြားချက်တွင် ဖော်ပြထားခြင်းမရှိပါ။


ထို့အပြင် အလင်းဝင်ရန် ဆန္ဒရှိသူများအနေဖြင့် မိဘဆွေမျိုးများနှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အမြန်ဆုံး အလင်းဝင်ရောက်ကြရန်လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံဖိတ်ခေါ်ထားသည်။


Telegram – t.me/positiveanglenews

#PAN