ကျီးမနိုးညအမည်ခံ ဖောက်ထွင်းခိုးယူဖျက်ဆီးမှုများ ရှမ်းတောင်ဒေသမြို့များတွင် ဖြစ်ပွား

(ပြည်တွင်း) နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံ၊ မိုင်းရှူးနှင့် အခြားမြို့များတွင် တန်ဆောင်မုန်းလပြည့်ညဖြစ်သည့် နိုဝင်ဘာ ၂၄ ရက် ညပိုင်းက “ကျီးမနိုးည” ဟု အကြောင်းပြကာ ဆိုင်ဖောက်ထွင်းခြင်း၊ ပစ္စည်းခိုးယူခြင်း၊ မော်တော်ယာဉ်မှန်များ ရိုက်ခွဲခြင်းနှင့် လမ်းဘေးပစ္စည်းများ ရွှေ့ပြောင်းဖျက်ဆီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်များအတွင်း တောင်ကြီးမြို့ အေးသာယာရှိ ကွမ်းယာဆိုင်တစ်ဆိုင် ရိုက်ခွဲဖျက်ဆီးခံခဲ့ရပြီး ဟိုပုံးမြို့တွင်လည်း ဆိုင်ရှေ့ခင်းကျင်းထားသည့် ထိုင်ခုံများ၊ ပန်းအိုးများနှင့် ဆိုင်သုံးပစ္စည်းများ ပျောက်ဆုံးခဲ့သည်။ ထို့ပြင် ဟိုပုံးမြို့ရှိ ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရကာ အထည်များနှင့် ဦးထုပ်အများအပြား ခိုးယူခံခဲ့ရပြီး CCTV မှတ်တမ်းများအရ ပစ္စည်းများ ယူဆောင်သွားသူများမှာ လူငယ်အရွယ်များဖြစ်ကြောင်း သိရသည်။

ပင်လုံမြို့ ဘုရားကြီးရှေ့ရှိ ဆိုင်တန်းများတွင်လည်း ဆိုင်ခန်းတဲများနှင့် ထိုင်ခုံများကို လမ်းမပေါ်သို့ ရွှေ့ပြောင်းထားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်းလုပ်ရပ်များကို ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေမှုများလည်း ရှိခဲ့သည်။

မိုင်းရှူးမြို့တွင် လမ်းဘေး၌ ရပ်ထားသည့် မော်တော်ယာဉ်တစ်စီး၏ မှန်များကို လူတစ်စုက ရိုက်ခွဲခဲ့ပြီး အမှိုက်များဖြင့် ပစ်ပေါက်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် မိုင်းရှူးတောင်ပေါ်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရကြောင်း ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားသည်။

အလားတူ လွိုင်လင်၊ နမ့်စန်နှင့် တောင်ကြီးမြို့တို့တွင်လည်း ဆိုင်ရှေ့ရှိ ပစ္စည်းအသေးအမွှားများ ခိုးယူခြင်း၊ ထိုင်ခုံနှင့် ပန်းအိုးများကို နေရာရွှေ့ပြောင်းခြင်းတို့ ဖြစ်ပွားခဲ့သည်။ အချို့နေရာများတွင် ပစ္စည်းများကို လမ်းပေါ်သို့ ရွှေ့ထားခြင်းကြောင့် ယာဉ်သွားလာရေး အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကျီးမနိုးညဟု ခေါ်ဆိုသည့် အလေ့အထကို အကြောင်းပြု၍ အခြားသူများ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီးသည့် လုပ်ရပ်များအပေါ် ဒေသခံများက ဝေဖန်နေကြသည်။

အပျော်သဘောဖြင့် ပြုလုပ်သည်ဆိုသော်လည်း ယင်းလုပ်ရပ်များသည် ဆိုင်ရှင်များ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေနိုင်သည့်အပြင် လမ်းပေါ်သို့ ပစ္စည်းများ ရွှေ့ထားခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိကြောင်းလည်း ထောက်ပြပြောဆိုကြသည်။