
(နိုင်ငံတကာ) မတ်လ-၁၃
၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဂျေဂျူလေကြောင်း လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဒီကနေ့မှာ နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
မူအန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေကြောင့်လားဆိုတာ အဓိကထား စစ်ဆေးနေတာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျပြီး ၁ နှစ်ကျော်အကြာ နောက်ဆက်တွဲ စစ်ဆေးမှုတွေမှာ သေဆုံးသူတွေရဲ့ ရုပ်ကြွင်းအစိတ်အပိုင်းတွေနဲ့ ပစ္စည်းတချို့ကို ထပ်မံတွေ့ရှိခဲ့ရတာကြောင့် အစောပိုင်း ရှာဖွေရေးလုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။
လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေတာဖြစ်ပြီး မကြာသေးမီရက်တွေအတွင်း ဒေသခံလေကြောင်းရုံးတွေနဲ့ လေဆိပ်တည်ဆောက်ရေး ကန်ထရိုက်တာတွေကိုလည်း ရှာဖွေမှု့များပြုလုပ်နေတယ်လို့သိရပါတယ်။
ဝန်ကြီးဌာနကို ဝင်ရောက်ရှာဖွေမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က အသေးစိတ် မထုတ်ပြန်သေးပေမယ့် လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းအမှန်ကို ဖော်ထုတ်ဖို့ လိုအပ်တဲ့ နောက်ထပ်အထောက်အထားတွေ ရယူဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။