
(စီးပွားရေး) မတ် ၁၃



မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအတွက် စက်သုံးဆီ ဝယ်ယူမှုကို စိစစ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး Wheel Tax တွင် ပါရှိသည့် ဘားကုဒ်ကို Scan ဖတ်စစ်ဆေးကာ စက်သုံးဆီ ရောင်းချပေးသည့် စနစ်ကို ယမန်နေ့ မတ်လ ၁၂ ရက်မှ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်းသိရသည်။
အဆိုပါစနစ်အရ စက်သုံးဆီအရောင်းဆိုင်များသည် တယ်လီဖုန်း Application ကို အသုံးပြု၍ ယာဉ်များ၏ Wheel Tax တွင် ပါဝင်သည့် ဘားကုဒ်ကို Scan ဖတ်စစ်ဆေးပြီး တစ်ရက်အတွင်း စက်သုံးဆီ ဝယ်ယူခွင့် ရှိ၊မရှိ စိစစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး စက်သုံးဆီ မပြတ်လပ်စေရန်နှင့် အမှန်တကယ် လိုအပ်သည့် ယာဉ်ပိုင်ရှင်များ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ အရောင်းဆိုင်အခြေပြု စိစစ်ရောင်းချသည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ယာဉ်ပိုင်ရှင်များအနေဖြင့် Application အသုံးပြုရန် သို့မဟုတ် Registration ပြုလုပ်ရန် မလိုအပ်ဘဲ စက်သုံးဆီ ဝယ်ယူသည့်အခါ အရောင်းဆိုင်မှ Scan ဖတ်စစ်ဆေးခြင်းဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်သည်။ ယာဉ်တစ်စီးအနေဖြင့် တစ်ရက်အတွင်း စက်သုံးဆီ တစ်ကြိမ်သာ ဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး အခြားအရောင်းဆိုင်တွင် ထပ်မံဝယ်ယူရန် Wheel Tax ဘားကုဒ်ကို Scan ဖတ်ပါက အဆိုပါနေ့တွင် ယခင်ဝယ်ယူခဲ့မှုကို ဖော်ပြပေးမည်ဖြစ်သဖြင့် ထပ်မံဝယ်ယူခွင့် မရရှိဘဲ နောက်တစ်ရက်မှသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။
ထို့အပြင် မော်တော်ဆိုင်ကယ်များအတွက် Scan ပြုလုပ်နိုင်မည့် QR ကုဒ်ကို အရောင်းဆိုင်များမှ ထုတ်ပေးသွားမည်ဖြစ်ပြီး စက်သုံးဆီ ဝယ်ယူရာတွင် အရောင်းဆိုင်ဝန်ထမ်းထံသို့ QR ကုဒ်ကို ပြသကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အခြားမြို့ကြီးများသို့ ဆက်လက်တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Online Monitoring Center မှတစ်ဆင့် စက်သုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်းလည်း အသိပေးထားသည်။