မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်စီးနှင်သူ နှစ်ဦးအား ဖမ်းဆီးအရေးယူ

(မှုခင်း) ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဖေဖော်ဝါရီ ၂၂ ရက်ကလိုင်စင်မဲ့ မော်တော်ယာဉ်စီးနှင်သူ နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ပခုက္ကူမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် မြို့မလမ်းနှင့် အဏ္ဏဝါလမ်းထောင့်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြို့မလမ်းအတိုင်း အနောက်မှ အရှေ့သို့ အမှတ်(၁၃)ရပ်ကွက်နေ တင့်ဆွေ(၃၉)နှစ် မောင်းနှင်လာသည့် MDY-12/9N-XXXX HIJET အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာအဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

အလားတူ အမှတ်(၉)ရပ်ကွက်နေ အောင်လတ်ဖြိုး (၃၆)နှစ် မောင်းနှင်လာသည့် MDY-26/6L-XXXX HIJET အဖြူရောင်မော်တော်ယာဉ်သည်လည်း ၎င်းမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

အဆိုပါ လိုင်စင်မဲ့‌ေမာ်‌ေတာ်ယာဥ် မောင်းနှင်သူ နှစ်ဦးတို့အား ပခုက္ကူမြို့မရဲစခန်း မှအမှုဖွင့်အရေးယူထားကြောင်း သိရသည်။