


(မှုခင်း) ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင်ရှိသော ဘိန်းစိုက်ခင်း ၃၀ ဧကခန့်ကို ဖေဖော်ဝါရီ ၂၀ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်၊ နားစေးစောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၁ ဧကခန့်အားဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ သည် နံနက်၉ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီထိ ဟိုပုံးမြို့နယ်၊ လီမောကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အားဖျက်ဆီးခဲ့ကြောင်းသိရသည်။
ထို့အတူ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ထိ ပင်လောင်းမြို့နယ်၊ နမ့်ဖာမူ ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်နှင့် ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်းသိရသည်။