


(နိုင်ငံတကာ) ဖေဖော်ဝါရီ-၁၉
စင်ကာပူမှတ်ပုံတင်ထားသော ကုန်တင်သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံကမ်းလွန်ပင်လယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်ပါ မြန်မာသင်္ဘောသား ၂ ဦး သေဆုံးသွားကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA) ၏ ထုတ်ပြန်ချက်ကို The Straits Times သတင်းဌာနတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ စင်ကာပူစံတော်ချိန် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် တရုတ်နိုင်ငံကမ်းလွန်ပင်လယ်၌ MANDY အမည်ရှိ ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၅ ဦး လိုက်ပါလာပြီး စင်ကာပူနိုင်ငံသားတစ်ဦးမျှ ပါဝင်ခြင်းမရှိကြောင်း သင်္ဘော၏ စက်ခန်းအတွင်းမှစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊မီးလောင်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး၍ အခြားသင်္ဘောသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု MPA ၏ ဖေဖော်ဝါရီလ ၁၈ ရက် ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
အဆိုပါသင်္ဘောကို တရုတ်နိုင်ငံ၊ ယန်ထိုင် (Yantai) ဆိပ်ကမ်းသို့ ဆွဲယူရန် ကုမ္ပဏီက စီစဉ်နေပြီး “သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဟု MPA က ထုတ်ပြန်ထားပြီး လိုအပ်သည့်အကူအညီများပေးရန် သက်ဆိုင်ရာကုမ္ပဏီနှင့် တရုတ်အာဏာပိုင်များထံ ဆက်သွယ်နေသည်ဟုသိရသည်။