(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုတွေကို ထိန်းသိမ်းကာကွယ်သွားမှာ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်း အင်အားစု များကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မီပြည်သူ့ ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမယ်လို့ နိုင်ငံတော်ယာယီသမ္မတက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို သဝဏ်လွာ ပေးပို့ပြောဆိုလိုက်ပါတယ်။
ဒီနေ့ မနက်အစောပိုင်းက နေပြည်တော်မှာရှိတဲ့ မြို့တော်ခန်းမရှေ့မှာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံက ပေးပို့တဲ့သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖတ်ကြားခဲ့ပါတယ်။
နိုင်ငံတော်ယာယီသမ္မတကပေးပို့တဲ့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာမှာတော့ “တပ်မတော်ဟာ ပြည်သူကြားက သန္ဓေတည်ပေါက်ဖွားလာတဲ့ မျိုးချစ် ပြည်သူ့တပ်မတော်ဖြစ်သလို တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စု တပ်မတော်လည်း ဖြစ်တယ်” လို့ပါရှိပြီး နိုင်ငံတော်အတွက် မယိမ်းမယိုင်ရပ်တည်ခဲ့တဲ့ အခိုင်မာဆုံးအဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“တပ်မတော်အနေနဲ့ လွတ်လပ်ရေးရရှိပြီးချိန်က စတင်ကာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုတွေကို ယနေ့အချိန်အထိ ထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ တိုင်းပြည် အပေါ် ကျရောက်တဲ့ ပြည်တွင်း၊ ပြည်ပအန္တရာယ် ရန်စွယ်ဟူသမျှကို မျိုးချစ် စိတ်ဓာတ်အရင်းခံကာ စွန့်လွှတ်စွန့်စားမှုနဲ့ အစွမ်းကုန် ကာကွယ်စောင့်ရှောက်နေတယ်” လို့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေမှာဖြစ်ပြီး တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲနေပါမယ်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြဖို့လိုအပ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတက သဝဏ်လွှာပို့ပြောဆိုထားပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့အတူ တိုင်းရင်းသား လူမျိုးတွေအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
#PAN