
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၀
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစတင်ပြီး အပိုင်း ၃ ပိုင်းခွဲကာ ၂၆၃ မြို့နယ်မှာ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ခိုင်လုံမဲ ၅ သန်း ၈ သိန်းကျော်နဲ့ ကိုယ်စားလှယ်စုစုပေါင်း ၇၃၉ ဦးကျော်အနိုင်ရခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့တာကြောင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းဟာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ထားတဲ့စာရင်းဇယားတွေအရ ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် ၆၈၇ နယ်မှာ ကိုယ်စားလှယ် ၁၀၁၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ခိုင်လုံမဲ ၅၈၀၄၀၂၅ ရရှိခဲ့တာကြောင့် မဲပေးရာခိုင်း ၄၄.၁၉ ရာခိုင်နှုန်းနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၇၃၉ ဦးအနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့်မတ်လ တတိယအပတ်မှာ လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ် ပထမပုံအစည်းအဝေးတွေစတင်ကျင်းပဖို့ရှိနေပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌတွေကတော့ ရွေးချယ်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးတစ်ချို့မှာတွေ့ဆုံမှုတွေ ပြုလုပ်နေတာတွေ့ရပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ “ရွေးကောက်ပွဲပြီးတာ အဆုံးသတ်မဟုတ်ပါဘူး။ တာဝန်စတင်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နားရက်မရှိ ဆက်ပြီးအလုပ်လုပ်နေကြပါတယ်။ ပြည်သူတွေအတွက် ပေးထားတဲ့ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသေးစိတ်ဆွေးနွေးပြင်ဆင်နေပါတယ်”လို့ ပြောဆိုထားပါတယ်။
#PAN