မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ သုတေသနလုပ်ငန်းတွေ ပြုလုပ်ကြဖို့ အထူးလိုအပ်တယ်လို့ နိုင်ငံတော် ယာယီသမ္မတ ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ သုတေသနလုပ်ငန်းတွေ ပြုလုပ်ကြဖို့ အထူးလိုအပ်သလို လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတိုင်းမှာ ပြန်လည်သုံးသပ်မှု၊ သုတေသန ပြုလုပ်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေရှိမှသာ တိုးတက်အောင်မြင်မယ်လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။

ရန်ကုန်တက္ကသိုလ် သုတေသနနဲ့ ဆန်းသစ်တီထွင်မှုစင်တာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ရဲ့ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနဲ့ သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။

သုတေသနဆိုတာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ဖို့ ပညာအမြော်အမြင်နဲ့ လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းဟာ သုတေသနပြုမှုတွေကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြတာကို တွေ့ရတယ်လို့ နိုင်ငံတော် ယာယီသမ္မတ ကပြောဆိုထားပြီး သုတေသီတွေရဲ့ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်တွေဟာ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မယ့် စစ်မှန်တဲ့ အင်အားတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာဆိုတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနဲ့ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်တွေ ထွန်းကားလာရေးဟာ အရေးကြီးပြီး နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့နည်းပညာအသစ်တွေ၊ တီထွင်ဆန်းသစ်မှုအသစ်တွေကို ဖော်ထုတ်ကြရမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။

ပညာရေး၊ သိပ္ပံနဲ့ နည်းပညာဆိုတဲ့ ကဏ္ဍ(၃)ရပ်ဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး သုတေသနနဲ့ တီထွင်ဆန်းသစ်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းတဲ့ စွမ်းအားတစ်ရပ် ပေါ်ထွက်လာမှာဖြစ်တယ်လို့လည်း ဖွင့်ပွဲမိန့်ခွန်းမှာထည့်သွင်းပြောကြားလိုက်ပါတယ်။

မိမိတို့နိုင်ငံဟာ သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာမှု၊ မြန်မာ့ဟန်တွေ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမှာဖြစ်သလို ၂၁ ရာစုရဲ့ ခေတ်မီနည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို မျက်ခြည်မပြတ် အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

အခုလိုဆောင်ရွက်နိုင်ရန်အတွက် ဝိဇ္ဇာနဲ့ သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဝိဇ္ဇာနဲ့သိပ္ပံ အသိပညာရှင်အတတ်ပညာရှင်တွေအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုပါက နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။