
(ပြည်တွင်း) ဖေဖော်ဝါရီ ၆
မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ ဒလ တံတားကို ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ပြည်သူတွေ တံတားပေါ်က ဖြတ်သန်းသွားလာခွင့် ရရှိနိုင်ရေးတွက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မေလက စတင်ဆောက်လုပ်ခဲ့ပြီး ၇ နှစ်အကြာ ဒီကနေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သံမဏိကြိုးဆိုင်းတံတားတွေအနက် အကြီးဆုံးနှင့် အရှည်ဆုံးတံတားဖြစ်လာခဲ့သလို ရန်ကုန်မြို့ရဲ့ အထင်ကရပြယုဂ်(Land Mark) တစ်ခုလည်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ရန်ပုံငွေချေးငွေ အပါအဝင် ကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံတည်ဆောက်ခဲ့တဲ့ ဒလတံတားဟာ အရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားကြီးတစ်စင်းလည်း ဖြစ်ပါတယ်။

တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်၊ တံတားအမြင့်မှာ မီတာ ၇၀ ကျော်ရှိပြီး တံတားအောက်က တန်ချိန် ၁၅၀၀၀ ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးသင်္ဘောကြီးတွေလည်း ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို့ သင်္ဘောကြီးတွေ ဖြတ်သန်းနိုင်ဖို့ တံတားကင်းလွတ်အမြင့်ပေနဲ့ အကျယ်ပေတွေကို အမြင့်ဆုံးထားကာ ချဉ်းကပ်တံတားနဲ့ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာစံနှုန်းများတွေနဲ့အညီ တွက်ချက်တည်ဆောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် တံတားရဲ့ တချို့နေရာတွေမှာ လမ်းအနိမ့်အမြင့် Gradient မတ်စောက်တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်အမျိုးအစားအချို့ကို တံတားပေါ်ဖြတ်သန်းခွင့်ကို ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။