
(ပြည်တွင်း) ဖေဖော်ဝါရီ ၆
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေသတွင်းသာမက နိုင်ငံတကာအသိုက် အဝန်းမှာပါ စဉ်ဆက်မပြတ် အပြုသဘောဆောင်တဲ့ အားပေးထောက်ခံမှုတွေအတွက် တန်ဖိုးထားတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားအဖွင့်မိတ်ခွန်းမှာ ထည့်သွင်းပြောကြားတယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနဲ့ဇနီး တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်ကစပြီး တည်ရှိခဲ့တဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုဟာ စိန်ရတုအခါသမယ ပြည့်မြောက်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ရှင်သန် ခိုင်မြဲတိုးတက်နေဆဲဖြစ်တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ပြောပါတယ်။
မိမိတို့နှစ်နိုင်ငံဟာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နဲ့အညီ အပြန်အလှန်လေးစားမှုနဲ့နားလည်မှုကို အခြေခံကာ ကဏ္ဍစုံမှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံရာမှာလည်း ရှိရင်း စွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့မှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်မှာ ပါရှိပါတယ်။
တရုတ်နိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့တဲ့ အချိန်မှာလည်း အိမ်နီးချင်းကောင်းပီသစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အကူအညီပေးအပ်မှုတွေအပေါ် ကျေးဇူးတင်ရှိတယ်လို့လည်းပြောဆိုခဲ့ပြီး ၂၀၂၆ ခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကို ဉာဏ်ပညာနဲ့ ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိပိုင်ဆိုင်နိုင်မယ်လို့ မှတ်သားမိပြီး နှစ်နိုင်ငံပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။