



(မှုခင်း)ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ်၊ ထားဝယ်မြစ်ဝ၌ မောင်းနှင်လာသည့် ခရီးသည်တင်အမြန်ရေယာဉ်တစ်စီး ပစ်ခတ်ခံရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီတွင် ကျွန်းစုမြို့နယ်နေ ရေယာဉ်မောင်း ဦးမောင်လတ်(၄၀)နှစ် မောင်းနှင်ပြီး ရေယာဉ်မောင်းအကူ ၂ ဦး၊ ခရီးသည် ၁၃ ဦးတို့ လိုက်ပါလာသည့် “ရတနာပြည့်ဖြိုး-၂၇” ခရီးသည်တင်အမြန်ရေယာဉ်သည် မြိတ်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာစဉ် တနင်္သာရီတိုင်း ဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာအနောက်ဘက် ကိုက် ၃၀၀ ခန့်အကွာအရောက်၌ ထားဝယ်မြစ်ကမ်းဘေးမှနေ၍ PDF အကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြောင့် ရေယာဉ်မောင်း ဦးမောင်လတ် အပါအဝင် ခရီးသည်တင် ရေယာဉ်ပေါ်၌ လိုက်ပါလာသူများဖြစ်ကြသည့် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာနေ ဦးသီဟစိုး(၃၂)နှစ်၊ ရန်တောင်ကျေးရွာနေ ဦးစုငယ်(၅၄)နှစ်နှင့် လောင်းလုံးမြို့နယ်၊ ကြက်လွှတ်ကျေးရွာနေ မအိမ့်သဇင်ဌေး(၁၁)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။