ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦး မြေပြိုမှုကြောင့်သေဆုံး

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်နား အရပ်တွင် လျှပ်စစ်ဓာတ်အား လိုင်းများကို မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်သည့်စီမံကိန်းလုပ်ငန်းခွင်တွင် ဖေဖော်ဝါရီလ ၄ ရက်ညက မြေပြိုကျခဲ့ရာ မြန်မာ အလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာအလုပ်သမားသည် ရွှံ့နွံများပြည့်နှက်နေသော တွင်းနက်ခြေရင်းတွင် ပိတ်မိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိမီ မိနစ် ၃၀ ခန့်အလိုကပင် အခြားအလုပ်သမားများက ဝိုင်းဝန်းကူညီရန် ကြိုးပမ်းခဲ့ကြသော်လည်း မြေသားများပိကာ သတိလစ်သွားခဲ့ခြင်းကြောင့် ကယ်ထုတ်မရခဲ့ကြောင်းသိရသည်။

လုပ်ငန်းခွင်ကြီးကြပ်သူတစ်ဦး၏ ပြောပြချက်အရ အလုပ်သမားများသည် ၈ မီတာမှ ၁၀ မီတာခန့် (၂၆ ပေ မှ ၃၃ ပေ) နက်သည့် တွင်းအတွင်း မြေတူးနေကြခြင်းဖြစ်ပြီး ၁၄ မီတာမှ ၁၅ မီတာ (ပေ ၅၀) ခန့်အထိ ထပ်မံတူးရန် ကြိုးပမ်းစဉ် ဝဲဘက်နှင့် ယာဘက်ရှိ မြေသားများ ပြိုကျခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားချိန်တွင် ယခု သေဆုံးသွားသည့် လုပ်သားတစ်ဦး တည်းသာ မြေအောက်သို့ဆင်း၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများနှင့် လုပ်ငန်းခွင်တာဝန်ရှိသူများက ရဲတပ်ဖွဲ့ သို့ ပြောကြားခဲ့သည်။