မိုင်းရယ်မြို့အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ

(မှုခင်း) ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ လောင်းကစားမှုတွေမှာအသုံးပြုတဲ့ ပစ္စည်းတွေအပါအဝင် မော်တော်ယာဉ်တွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝတွေပါဝင်တဲ့ ပူးပေါင်း အဖွဲ့တွေဟာ လိုအပ်တဲ့ လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော် ထုတ်ခြင်းနဲ့ နယ်မြေ ရှင်းလင်းခြင်းတွေကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၇ နာရီ ခန့်မှာ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီးကို အရောက်မှာ မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို တွေ့ရှိရတာကြောင့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ဆောင်နေတဲ့ နေရာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် အဆိုပါနေရာကိုရှင်းလင်းခဲ့ရာမှာ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ကိုင်နေကြ သူတွေဖြစ်ကြတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၃ဝ ဦးတို့နဲ့အတူ မိုးကာအစိမ်းစတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၁၅ လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၀ လုံး၊ အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်ရွာမှာ အသုံးပြုတဲ့ မီးစက် ၂ လုံး၊ ဖုန်းမျိုးစုံ ၂၀၈ လုံး၊ ALL-IN-ONE ကွန်ပြူတာ ၈၆ လုံး၊ LAPTOP ၇ လုံး၊ STAR LINK ၂၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကို တွေ့ရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်သလို နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကို လည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။