ဥက္ကဌနဲ့ အတွင်းရေးမှုးအပြင် အဖွဲ့ဝင် ၅ ဦးထက်ပါဝင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥပဒေပြဌာန်း

(ပြည်တွင်း) ဖေဖော်ဝါရီ ၄

ဥက္ကဋ္ဌ အတွင်းရေးမှူးအပြင် အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေပြဌာန်းလိုက်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို ဖေဖေါ်ဝါရီ(၃)ရက်နေ့က ပြဌာန်းလိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို စစ်မှန်ပြီး စည်းကမ်းပြည့်တဲ့ ပါတီစုံဒီကရေစီစနစ်ခိုင်မာစေရေး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး တိုင်းပြည်သာယာဝပြောရေး၊ စားရေးရိက္ခာပေါများရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတာလို့ ဥပဒေမှာပါရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေက အာဏာခွဲဝေအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို မထိခိုက်စေဘဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေ ကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ဖို့အတွက် ကောင်စီကိုဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတကို အခွင့်အာဏာအပ်နှင်းတယ်လို့ ဥပဒေမှာ‌ေဖာ်ပြထားပါတယ်။

နိုင်ငံတော်သမ္မတဟာ သင့်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်တဲ့ ကောင်စီကို ဖွဲ့စည်းရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတဟာ ကောင်စီကို ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို သတ်မှတ်ပေးရမယ်လို့လည်း ပြဌာန်းထားပါတယ်။

ဒါအပြင်နိုင်ငံတော်သမ္မတဟာ ပုဒ်မ ၄ ပါ ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး ကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးရမယ့်မှာဖြစ်ပြီး ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင် အယောင်နဲ့ ခံစားခွင့်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးရမှာဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေအရ ဖွဲ့စည်းမယ့်ကောင်စီရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ပြီး ကောင်စီရဲ့ ရုံးလုပ်ငန်းတွေအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်သလို ဒီဥပဒေမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။