
(အားကစား) ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ်အတွက် FIFA The Best ဆုပေးပွဲအခမ်းအနားကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ မနက်ဖြန် ကျင်းပမယ်လို့ ဖီဖာက အတည်ပြုကြေညာလိုက်ပါတယ်။
FIFA The Best ဆုပေးပွဲမှာ ချီးမြှင့်မယ့်ဆုတွေကတော့ အကောင်းဆုံးအမျိုးသားကစားသမားဆု၊ အကောင်းဆုံးအမျိုးသားနည်းပြဆု၊ အကောင်းဆုံးအမျိုးသားဂိုးသမားဆု၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆု၊ အကောင်းဆုံးအမျိုးသမီးဂိုးသမားဆု၊ အကောင်းဆုံးအမျိုးသားသွင်းဂိုးဆု (Puskas Award)၊ အကောင်းဆုံးအမျိုးသမီးသွင်းဂိုးဆု(Marta Award)၊ ပရိသတ်ဆု၊ Fair Play ဆုတွေနဲ့ အကောင်းဆုံးအမျိုးသားအသင်း၊ အကောင်းဆုံးအမျိုးသမီးအသင်းတွေ ဖြစ်ပါတယ်။
FIFA The Best ရဲ့ အဓိကဆုအများစုကို လက်ရှိအမျိုးသားလက်ရွေးစင်အသင်းနဲ့ အမျိုးသမီးအသင်းတွေက နည်းပြနဲ့ အသင်းခေါင်းဆောင်တွေရဲ့ ဆန္ဒမဲ၊ မီဒီယာတွေရဲ့ ဆန္ဒမဲနဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲကို ပေါင်းစပ်ရွေးချယ် သွားမှာဖြစ်ပြီး ဒီနှစ်အတွက် ပရိသတ် ၁၆ သန်းကျော်က အွန်လိုင်းကနေ ဆန္ဒမဲပေးခဲ့ကြောင်း သိရပါတယ်။
ပရိသတ်စိတ်အဝင်စားဆုံးဆုဖြစ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဒမ်ဘီလီ နဲ့ ယာမယ် တို့ ထပ်မံ ပြိုင်ဆိုင်ရဖို့ရှိနေပြီး ပြီးခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာတော့ ဒမ်ဘီလီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။