မော်လမြိုင်မြို့နယ် ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မန္တလေးရပ်ကွက်၊ ခေါင်းဆေးကျွန်းရှိ (၉၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂)ထပ် ဘုန်းတော်ကြီးကျောင်း ဘုရားကျောင်းဆောင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က ဦးရဲနိုင်ဦးမှ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားခန်းကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ‌မော်လမြိုင်ခရိုင် အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၉)စီး၊ အပေါ့စားမီးသတ်စက် (၁၄)လုံးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃၀မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၉၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် ဘုန်းတော်ကြီးကျောင်း၏ ခေါင်းမိုးနှင့် ဘုရားကျောင်းဆောင်၏ကြမ်းခင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ရှိသူ ဦးရဲနိုင်ဦး(၄၈)နှစ်အား မော်လမြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။