“ရွှေဇင်”အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့်ငွေကျပ်သိန်း ၁၀၃၀ အားသေနတ်ဖြင့်ခြိမ်းခြောက်၍လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

(မှုခင်း) ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်”အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ အား ဒီဇင်ဘာလ ၅ ရက်နေ့က သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့်ပူးပေါင်းပါဝင်သူတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မြကန်သာအိမ်ရာနေ ဦးစိုးဌေး(၆၀)နှစ်သည် “ရွှေဇင်”အာမခံရွှေဆိုင် ၌ရောင်းချမည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ တို့အား BGO-27 4S-4805 Faw TOYOTA BZ4X အဖြူရောင်ယာဉ်ဖြင့် သယ်ဆောင်လာပြီး ရွှေဆိုင်ရှေ့ အရောက်၌ ကားပေါ်မှဆိုင်အတွင်း ရွှေ့ပြောင်းရန်ပြုလုပ်နေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဦးစိုးဌေးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တင်ဆောင်လာသည့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၉၁ ခု (ကာလတန်ဖိုး ၄၂၅၀ သိန်း)ခန့်နှင့် ငွေကျပ် သိန်း ၁၀၃၀ တို့အား လုယက်ယူ ဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လသာမြို့မရဲစခန်း (ပ)အမှတ် ၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင်တာဝန်သိပြည်သူများ၏သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူများ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်စဉ် ရန်ကုန်ဆေးရုံကြီးဝင်းတွင် လျှပ်စစ်ရုံးဟောင်း အဆောက်အဦဘေး၌ကျန်ခဲ့သည့် ခရီးဆောင်အိတ် ၁ လုံးအတွင်းမှရွှေသားဆွဲသီးမျိုးစုံ ၅၃ ခု၊ ကျောက်ပါရွှေဆွဲသီး ၂၆ ခု၊ ရွှေသားလက်စွပ် ၄ ကွင်း၊ ကျောက်ပါရွှေလက်စွပ် ၄ ကွင်း၊ ကျောက်ပါရွှေနားကပ် ၂ ရန်၊ အလေးချိန် ၁၁ ကျပ် ၇ ပဲ ၇ ရွေး(ကာလတန်ဖိုးကျပ်သိန်း ၁၀၀၀)ခန့် ထည့်ထားသည့် အနီရောင်ကတ္တီပါ ဘူး အကြီး ၂ ခု၊အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ဓားမြှောင် ၁ ချောင်း၊ အင်္ကျီလက်ရှည် ၃ ထည်၊ ဘောင်းဘီအရှည် ၂ ထည်၊ ဦးထုပ် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ပြစ်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့်ဆိုင်ကယ် ၁ စီးနှင့်ရွှေထည်ပစ္စည်းများထည့်သည့် အနီရောင်ကတ္တီပါဘူးခွံ ၃ ခုတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေအုတ်ဂူလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ “အောင်ဘရားသား”လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ဇင်ကို (၃၀)နှစ်နှင့် လက်ဖက်ရည်အဖျော်ဆရာ စိုးကို(၂၉)နှစ်တို့ အား ဒီဇင်ဘာလ ၉ ရက်နေ့နံနက် ၁၁ နာရီ ၂၀ အချိန်တွင် အဆိုပါလက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့သည် အခင်းဖြစ်နေ့က “ရွှေဇင်” အာမခံရွှေဆိုင်သို့ ရွှေထည်ပစ္စည်းများ လာရောက်ပို့ဆောင်သည့်မော်တော်ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်းများနှင့် ငွေများအား သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ပြီးနောက် အောင်ဇင်ကိုမှ စိုးကိုအား ငွေ ၁၀ သိန်းကျပ်ပေးခဲ့ ကြောင်း၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ်၊ ရွှေထည်ပစ္စည်းအချို့နှင့်ငွေစက္ကူအချို့တို့အား အောင်ဇင်ကို မှ ၎င်း၏ယောက္ခမဖြစ်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၂)ရပ်ကွက်၊ ရတနာ(၂)လမ်း၊ အမှတ်(၂၇၆)နေ ဦးသန်းထွန်း(၅၇)နှစ်၏နေအိမ်၌လည်းကောင်း၊ ငွေကျပ်သိန်း ၂၇၀ အား အောင်ဇင်ကို၏ဇနီး မသင်းမိုးကြူ(၃၀)နှစ် ထံတွင်လည်းကောင်း အပ်နှံသိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဦးသန်းထွန်းအား ၎င်း၏နေအိမ်အပေါ်ထပ် မျက်နှာကြက်အတွင်း သိမ်းဆည်းထားသည့်လက်လုပ်ပစ္စတိုသေနတ် ၁ လက်နှင့် ၎င်းကျည် ၅ တောင့် ထည့်ထား သော ဘေးလွယ်အိတ် ၁ လုံး၊ လက်စွပ်မျိုးစုံ ၁၈၀ ကွင်း၊ နားကပ်မျိုးစုံ ၅၈ ရန်တို့ထည့်ထားသည့် ကျောပိုးအိတ် ၁ လုံး၊ ငွေကျပ်သိန်း ၁၅၀ ထည့်ထားသည့် ကြွပ်ကြွပ်အိတ် ၁ လုံးတို့ဖြင့်လည်းကောင်း၊ မသင်းမိုးကြူ အား ၎င်း၏နေအိမ်မှငွေကျပ်သိန်း ၂၇၀ ဖြင့်လည်းကောင်း အသီးသီးထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံ အောင်ဇင်ကို၊ စိုးကိုနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့်ပစ္စည်းများအား လက်ခံထားရှိခဲ့သူများဖြစ်သည့် သန်းထွန်း၊ သင်းမိုးကြူတို့အား ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများအား ပြန်လည် သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN