(နိုင်ငံတကာ) နိုဝင်ဘာ ၁၃

COP30 ဟု လူသိများသော အကြိမ်(၃၀)မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံကို ဘရာဇီးနိုင်ငံ၊ ဘယ်လမ်မြို့တွင် နိုဝင်ဘာလ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို နိုင်ငံတကာ ဦးစားပေးမှုများ၏ အဓိကကိစ္စရပ်အဖြစ် ပြန်လည်ထားရှိရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ဒေသဆိုင်ရာအာဏာ ပိုင်များက ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် COP29 ဥက္ကဋ္ဌ Mukhtar Babayev က အဇာဘိုင်ဂျန်နိုင်ငံ၏ မြို့တော်ဘာကူတွင် လွန်ခဲ့သည့်နှစ်က ကျင်းပခဲ့သော ရာသီဥတုထိပ်သီးအစည်းအဝေး ၏ ရည်မှန်းချက်များကို ပြည့်မီစေရန် တိုက်တွန်း ခဲ့သည်။ COP30 ဥက္ကဋ္ဌ Andre Correa do Lago က ၎င်းအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည့်အတွက် ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးလ်ဗား ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး COP30 သည် ဖြေရှင်းချက်များကို တင်ပြရမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ သည်။
မကြာသေးမီက နောက်ပြန်ဆုတ်မှုများရှိနေသော်လည်း ကမ္ဘာတစ်ဝန်းရှိ လူဦးရေ၏ လူနေမှုအခြေအနေ များမှာ ဆက်လက်တိုးတက်နိုင်သလို ဆက်လက်၍ တိုးတက် နေရမည်ဖြစ်ကြောင်း Correa do Lago က အလေးပေးပြောကြားခဲ့သည်။ “သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှုတွေဆိုတာ ကျွန်တော်တို့ လိုက်ပါလုပ်ဆောင်ရမယ့် လမ်းကြောင်းတွေဖြစ်ပါတယ်” လို့လည်း ၎င်းက ဆိုသည်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ဘက်ပေါင်းစုံမှ ပါဝင်ရေးမှာ ရှေ့သို့ချီတက်ရမည့် လမ်းကြောင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်ခြင်း၊ တရားမျှတသော အသွင်ကူးပြောင်းမှုနှင့် ပဲရစ်သဘောတူညီချက်၏ ကမ္ဘာလုံးဆိုင်ရာဟန်ချက်ညီမှုကို အကောင်အထည်ဖော်ခြင်းအပါအဝင် အကြောင်း အရာများစွာကို အခမ်းအနားတွင် ဆွေးနွေးမည်ဟု ခန့်မှန်းရသည်။ နိုဝင်ဘာလ ၂၁ ရက်အထိကျင်းပမည့် အဆိုပါညီလာခံသို့တက်ရောက်ရန် နိုင်ငံနှင့် ဒေသပေါင်း ၁၉၀ ကျော်မှ ကိုယ်စားလှယ်များ စာရင်းသွင်းထားကြောင်း COP30 ဥက္ကဋ္ဌရုံးမှ သိရသည်။