

(မှုခင်း) အောက်တိုဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်၊ ရေးလမ်းတွင် ပိုင်ရှင် ဦးကျော်စိုး၏ (၂၅x၆၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ခန့်က ဦးကျော်စိုးသည် 5W လျှပ်စစ်မီးလုံးဖြင့် ဘုရားမီးပူဇော် ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သတင်းရရှိသဖြင့် ထားဝယ်မြို့နယ်အတွင်းရှိ မီးသတ်စခန်း များမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၆)စီးဖြစ် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် (၂၅x၆၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်စိုး(၄၇)နှစ်အား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။