(ပြည်တွင်း) အောက်တိုဘာ ၃၀

စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းမှထုတ်ယူရရှိသည့် ရေနံစိမ်းများအား ဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများတွင်ချက်လုပ် ဖြန့်ဖြူးပေးလျက်ရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှာ နိုင်ငံအတွင်း လိုအပ်ချက်၏ ၃ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ထပ်မံလိုအပ်သည့် စက်သုံးဆီအများစုကို နိုင်ငံခြားငွေဖြင့် ပြည်ပမှဝယ်ယူတင် သွင်းရလျက်ရှိကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံအတွက်လိုအပ်သည့် စက်သုံးဆီများကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရေးအတွက် ရေနံရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ခြင်း၊ ရေနံချက်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာရေး အစီအမံများ ချမှတ်၍အပိုင်းလိုက် အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေသည့်ကာလများအတွင်း စက်သုံးဆီများကို ပြည်ပမှဝယ်ယူတင်သွင်း အသုံးပြုရာ၌ အများပြည်သူသို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် နိုင်ငံတော်မှရာခိုင်နှုန်းတစ်ခု စိုက်ထုတ်ကျခံဆောင်ရွက် ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံတွင်ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများသည် ဒေသတွင်းအာဆီယံ နိုင်ငံများနှင့်နှိင်းယှဉ်ပါက အထိုက်အလျောက်သက်သာမှု ရှိသည်ကို တွေ့မြင်နိုင်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ ပြည်သူလူထုသက်သာ ချောင်ချိရေးအတွက် စိုက်ထုတ်ဆောင်ရွက် ပေးမှုများအား ပြည်သူလူထုမှ အမှန်တကယ် အကျိုးခံစားခွင့် ရရှိစေရေး၊ ဈေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိသည့် စက်သုံးဆီများ၏အရည်အသွေးနှင့်အခြင်အတွယ် ပြည့်မီမှန်ကန်စေရေး၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန် အခများ အပြည့်အဝကောက်ခံရရှိရေးနှင့် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရေးတိုအတွက် ကြီးကြပ်ရန်တာဝန်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
သိုဖြစ်ရာ ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petroleum Products Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပိုဆောင်မှု မှသည် End User များသို ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာစောင့်ကြည့် ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီမှန်ကန်မှုရှိမရှိ စစ်ဆေးဆောင် ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေး သိုလှောင်ထားရှိမှု (Stockpiling) အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ (Real Time)စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Center ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသိုအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အဖွဲအစည်းများအတွက် အကျပ်အတည်း မဖြစ်စေရန် စီမံကိန်းအား အဆင့်လိုက် အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်စေခြင်း၊ အချိုကိစ္စရပ် များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ သတ် မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေး ကြေညာထားကြောင်း သိရသည်။