(မှုခင်း) အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ အောက်တိုဘာ ၂၂ ရက်နေ့က မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊ ရွှေညောင်-ရပ်စောက်သွားကားလမ်း မိုင်တိုင်အမှတ် ၁၀၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ရာနေရာသို့ သက်ဆိုင်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ် ကွက်နေ လောလူ၊ ၆၆ နှစ် မောင်းနှင်လာသည့် SHN-18/7K-XXXX TOYOTA CROWN မော်တော်ယာဉ်သည် ရွှေညောင်-ရပ်စောက်လမ်းဆုံမီးပွိုင့်မှ ရပ်စောက်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာသို့အရောက်၌ လမ်းဖြတ်ကူးသူ အဆိုပါရပ်ကွက်နေ ဦးတင်ထွန်း၊ ၅၉ နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးတင်ထွန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် လောလူ အား ရွှေညောင်နယ်မြေရဲစခန်း ယာဉ်(ပ)၁၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။