နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့

(ဆောင်းပါးကဏ္ဍ) အောက်တင်ဘာ ၂၅
မောင်းငြိမ်းသူ(ကြို့ပင်ကောက်)

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက်၊ လူထုအသိ ပညာပေး “နိုင်ငံသား အခွင့် အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” ဟူသော မြေစိုက်ပိုစတာများ (ဆိုင်းဘုတ်များ)ကို အောက်တိုဘာ ၇ ရက်က နိုင်ငံတော်တစ်ဝန်း မြို့နယ်များတွင် လူစည်ကားရာနေရာများ၌ ပျော်ပျော်ပါးပါးစည်စည်ကားကား ခမ်းနားထည်ဝါစွာ စိုက်ထူခဲ့ကြပါသည်။

    လူထုအသိပညာပေးလှုံ့ဆော်ရေးလှုပ်ရှားမှုမှန်သမျှသည် လူထုအတွက် အကျိုးရှိသော အကျိုး ပြုလုပ်ငန်းများသာဖြစ်ကြပါသည်။ ယခုလူထုအသိပညာပေးလှုံ့ဆော်ရေးလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲအတွက် နိုင်ငံနှင့်လူမျိုး၏ရေရှည်အကျိုးကိုမျှော်ကိုး ထောက်ရှုကာ လှုံ့ဆော်သမှုပြုနေကြခြင်းဖြစ်ပါသည်။

    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများမှ တစ်ဆင့် နေ့စဉ်ထုတ် ပြန်ကြေညာပေးနေသလို “မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်များ” ကိုလည်း နေ့စဉ်လိုလို ထုတ်ပြန်လှုံ့ဆော်အသိပေးနေပါသည်။

“လွတ်လပ်မျှတမဲပေးကြ ”
“ပြည်သူများလိုလားသည့် ဒီမိုကောက်ပွဲဖြင့်သာ ဖော်ဆောင်ကရေစီ နိုင်ငံတော်ကို ရွေးနိုင်မည်”
“မဲစာရင်းများကို သွားရောက်ကြည့်ရှုကြပါ”
“မဲရုံတွင် ဆန္ဒမဲပေးခြင်းအတွက် သိရှိမှတ်သားဆောင်ရွက်ရမည့် အချက်များ”

    ထိုသို့ထုတ်ပြန်ကြေညာပေးနေရာတွင်(၁)မဲစာရင်းများကို ၃၀-၉-၂ဝ၂၅ ရက်မှ ၁၃-၁ဝ- ၂ဝ၂၅ ရက်အထိ ၁၄ ရက်ကြာ သက် ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ်ကပ်ထားကြေ ညာပေးနေကြောင်း၊ (၂) မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ၏တောင်းဆိုလွှာများ၊ ကန့်ကွက် လွှာများ၊ ပြင်ဆင်လွှာများအတွက် မဲစာရင်းများကို ၁၄-၁၀-၂၀၂၅ ရက်မှ ၂ဝ-၁ဝ-၂ဝ၂၅ ရက်အထိ ဒုတိယအကြိမ်အဖြစ် ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ် ထားကြေညာပေးမှာဖြစ်ကြောင်း၊ (၃) မိမိအမည်မဲစာရင်းတွင် မပါဝင်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်၊ တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းစသည် တို့ကိုဆောင်ရွက်ပေးစေလိုကြောင်း အသိပေးလှုံ့ဆော်ထားပါသည်။

   ထို့ပြင် ယာယီနေရပ်စွန့်ခွာနေကြရသူများ၊ ကြိုတင်မဲပေးနိုင်ရေး၊ ပြည်ပရောက် မဲဆန္ဒရှင်များ၊ ဆန္ဒမဲပေးရေးနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးသရုပ် ပြပွဲနှင့် သင်တန်းများပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတို့က သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ စဉ်ဆက်မပြတ်မရပ် မနားကြိုးစားလှုပ်ရှားနေကြပါသည်။

   လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ကြစေရေးအတွက် လက် တွေ့စမ်းသပ်မဲပေးသရုပ်ပြပွဲများ ကျင်းပနေခြင်းမှာ မဲဆန္ဒရှင်ပြည်သူများ မဲပေးကြရာတွင် အခက်အခဲမရှိစေဘဲ လွယ်ကူလျင်မြန်စေခြင်း၊ မဲရလဒ်များတိတိကျကျဖြစ်ခြင်းနှင့် ပယ်မဲလုံးဝမရှိခြင်းတို့ကြောင့် မဲလက်မှတ်များရေတွက်ကြရာတွင် ယခင်က ဖြစ်ပွားခဲ့ကြသော အငြင်းပွားမှုများ၊ သံသယ ဖြစ်ပွားမှုများ၊ မဲလိမ်၊ မဲခိုး၊ မဲထပ် စသည့် မသမာသောလုပ်ရပ်များ မရှိနိုင်တော့ခြင်း၊ မဲပေးကြရာတွင်မဲရုံဝန်ထမ်းများ၊ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာကြသူများ၊ မဲရုံကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၏ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာမဲပေးဆောင်ရွက်နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကို ရရှိစေသည့်အပြင် မဲပေးစက်၏ တိကျမှန်ကန်မှုနှင့်နည်းပညာအရ၊ အာမခံမှုများ ရရှိစေနိုင်ပါသည်။ ထို့ကြောင့် လက်တွေ့စမ်းသပ်မဲပေး သရုပ်ပြပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်များ၏ ရပ်ကွက်၊ ကျေးရွာများတွင် စံနမူနာပြကျင်းပပေးခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူ ၃ ဒသမ ၅ သန်းစမ်း သပ်မဲပေးခဲ့ကြသည်ဟုသိရပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်ပြီးတရားမျှတစွာ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးနိုင်ကြစေရေးအတွက် နယ်မြေစည်းရုံးရေးလုပ်ငန်းစဉ်များတွင် စုဝေးဟောပြောခွင့်ရှိကြောင်း အသိပေးထုတ်ပြန်ချက်၊ နိုင်ငံရေးပါတီများ၊ ရေဒီယိုနှင့် ရုပ်မြင် သံကြား အစီ အစဉ်များမှ ဟောပြောခြင်းနှင့်စပ်လျဉ်း၍ လိုက်နာကျင့်သုံးကြရမည့် သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာအသိပေးခဲ့ပြီး ဖြစ်ပါသည်။

    နိုင်ငံရေးပါတီများအနေဖြင့် ရေဒီယိုနှင့်ရုပ်မြင် သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်နှင့်ပတ်သက်၍ ၂၈-၁၀-၂ဝ၂၅ ရက်မှ ၂၆-၁၂- ၂ဝ၂၅ ရက်အထိ ခွင့်ပြုသည်။ ၁၅-၁ဝ-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ သက်ဆိုင်ရာပါတီမှ ဟော ပြောစည်းရုံးမည့် ပုဂ္ဂိုလ်အမည်၊ တာဝန်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုမိန့်လျှောက် ထားကြရမည်။ ခွင့်ပြုမိန့်လျှောက်ထားသည့်စာမူသည်- ပြည်ထောင်စုဖောင့်ဆိုဒ် ၁၃ ဖြင့် အေဖိုးအရွယ်အစား ခုနစ်မျက်နှာထက် မပိုစေရ။ ပါတီ၏ တေးသီချင်းများ (ရုပ်/သံပါ)ထည့်သွင်းလိုပါက သီချင်းခွေနှစ်ခွေနှင့်အတူ သီချင်းစာသားကိုပါပေးပို့ရမည်။ နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ မဲဆွယ်စည်းရုံးဟောပြောခြင်းမပြုလိုပါက မပြုလိုကြောင်း၊အကြောင်းကြားစာပေးပို့ရမည်။ နိုင်ငံရေးပါတီတစ်ပါတီအား ဟောပြောချိန် ၁၅ မိနစ်၊ တေး သီချင်းထုတ်လွှင့်ခွင့် ၁၅ မိနစ်စီသာ ခွင့်ပြုသည်။ ဟောပြောစည်းရုံးကြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ၊ စည်းရုံးဟောပြောခွင့်ပြုမည်။ တိုင်းရင်းသားဘာသာဖြင့် ဟောပြောစည်းရုံးမည်ဆိုပါက မြန်မာ ဘာသာဖြင့်လည်း ပူးတွဲတင်ပြရမည်ဟုအသိပေးကြေညာထားပါသည်။

    နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြကြရာတွင် အောက်ဖော်ပြပါတားမြစ်ချက်များကိုဖောက်ဖျက် ကျူးလွန်ခြင်းမပြုရဟု တားမြစ်ထားပါသည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့်ဟောပြောမှုပြုလုပ်ခြင်း။
(ခ) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း။
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသော ဟောပြောမှုပြုလုပ်ခြင်း။
(ဃ) နိုင်ငံတော်အား အကြည်ညိုပျက်စေရန်(သို့မဟုတ်)ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုပြုလုပ်ခြင်း။
(င) တပ်မတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်(သို့မဟုတ်)တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုပြုလုပ်ခြင်း။
(စ) လူမျိုးရေး(သို့မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း(သို့မဟုတ်)လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့်ဟောပြောမှု(သို့မဟုတ်)စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း။
(ဆ) ဘာသာရေးကို နိုင်ငံရေးအတွက်အလွဲသုံးစားမှုပြုသော ဟောပြောမှုပြုလုပ်ခြင်း။
(ဇ) ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှ ပြုလုပ်ခြင်း။
(ဈ) နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် (သို့မဟုတ်)အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန်၊ သွေးထိုးလှုံ့ဆော် ဟောပြောမှု ပြုလုပ်ခြင်း။

    ထို့ပြင် နိုင်ငံရေးပါတီများသည် မိမိတို့၏ မူဝါဒသဘောတရားနှင့်အညီ အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင်၊ မည်သို့ဆောင် ရွက်ဖော်ဆောင်မည်ကို ဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးဟောပြောကြရမည်ဟုလည်းအသိပေးကြေညာထားပါသည်။

    ဖော်ပြပါနိုင်ငံရေးပါတီများ လိုက်နာကြရမည့်အချက်များသည် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲအတွက် အဓိကသော့ချက်များပင်ဖြစ်ကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပဒေပုဒ်မ ၄၁၄၊ ၄၁၅၊ ၄၁၆ အအရ လိုက်နာကျင့်သုံးကြရမည့် ကျင့်ဝတ်များနှင့်လည်း ဆက်စပ်ကိုက်ညီနေပါသည်။ထိုသို့ အဘက်ဘက်မှ ဟာကွက်မရှိအောင် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်စွမ်းဆောင်ကြိုးပမ်းနေကြခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း(၁) နိုင်ငံ တော်အခြေခံမူများ၊ ဥပဒေပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ တို့နှင့်အညီ စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စစ်မှန်သည့်နည်းလမ်းများနှင့် လျှောက်လှမ်းနိုင်ကြရေးအတွက် ဖြစ်သည်။

    ယခုကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၅၇)ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ဝ၂၃ ဦးဝင်ရောက်ယှဉ်ပြိုင်ကြရန်၊ အမည်စာရင်းတင်သွင်းထားရာ စိစစ်လျက်ရှိကြောင်းသိရပါသည်။ မည် သို့ပင် ရှိစေကာမူ နိုင်ငံနှင့် လူမျိုးအကျိုးကို ရိုးသားသစ္စာရှိစွာ အမှန်တကယ် သယ်ပိုးထမ်း ရွက်နိုင်စွမ်းရှိသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များကိုသာ ရွေးချယ်ကြရပေမည်။ မိမိအသည်းကြားက မဲတစ်ပြားကို တန်ဖိုးထားမြတ်နိုးစွာဖြင့် လူတော်လူကောင်းများကိုသာ ရွေးချယ်ကြစေချင်ပါသည်။ မဲပေးစက်မှာ အမည်းစက်၊ မထင်အောင်၊ တွေးခေါ်မြော်မြင် ဆင် ခြင်ကြစေချင်ပါသည်။ ဘေးစကားကို နားခါးသလိုသဘောထားပြီး ဥပက္ခာပြုလျစ်လျူရှုကာ သွေးစကားကိုသာယုံကြည်ကြစေချင်ပါသည်။ မြန်မာ့နိုင်ငံရေးခရီးခေတ်အဆက်ဆက်မှာကြုံတွေ့ခဲ့ကြရသော ခါးသီးနာကြည်းမှုမှန်သမျှကို သံဝေဂရစေချင်ပါသည်။

    ဤနေရာတွင် လူ့သဘောသဘာဝအရ ဖြစ်စေ၊ နိုင်ငံရေးပယောဂများကြောင့်ဖြစ်စေ၊ စတန့်ထွင်၊ လူအထင်ကြီးလိုသော ငါတကော အတ္တပေါရူးကြောင် မူးကြောင်များကြောင့် ဖြစ်စေ၊ မည်သည့် ပါတီကိုမျှ မဲမပေးဘူး၊ မဲရုံကိုလည်းမသွားဘူးဟု ဘူးခံငြင်းဆန်နေကြသောတစ်ယူသန်၊ လူ့အန္ဓများလည်း ရှိနေကြပါသည်။ နိုင်ငံသားမပီသကြသော ကျေးစွပ်သူများဖြစ်ကြပါသည်။ ဆန် ကုန်မြေလေး ငမိုက်သားများ ဖြစ်ကြပါသည်။

    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို လုပ်ချင်တိုင်းလုပ်၍မရပါ။ ကျင်းပချင်တိုင်း ကျင်းပ၍ မရပါ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ငြိမ်သော နိုင်ငံရေးကာလမှာပင် ငါးနှစ်တစ်ကြိမ်သာ ပုံမှန်ကျင်းပကြလေ့ရှိပါသည်။ လက်ရှိအခြေအနေတွင်မူ သမိုင်းအစဉ်အလာကောင်း ရှိခဲ့သောတပ်မတော်က နိုင်ငံတော်ကိုထိန်းသိမ်းစောင့် ရှောက်နေခဲ့ရာမှ စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ တိုင်းရင်း သားပြည်သူများပါဝင်ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာစေရေးအတွက် အားကြိုးမာန်တက်ထမ်းရွက်နေခြင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအကျိုးကိုမြတ်နိုးတန်ဖိုးထားကာ စေတနာမေတ္တာဖြင့် အကျိုး ဆောင်ပေးနေခြင်းဖြစ်သည်။
    “မှန်ကန်သောလုပ်ရပ်အပေါ်မှာ ထိုက် တန်သောတုံ့ပြန်မှုရှိစမြဲ” ဟူသော စကားသည် ထာဝရသစ္စာပင်ဖြစ်သည်။ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမှန်လျှင် မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးကို ချစ်ကြစေချင်ပါသည်။ သစ္စာရှိကြစေချင်ပါသည်။ မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုး (တိုင်းရင်းသားများအပါ အဝင်)ကို ချစ်ကြ၊ သစ္စာရှိကြပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများကိုလည်း လေးစားလိုက်နာကြရပါမည်။ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)နိုင်ငံတော်အခြေခံမူများ၊ ဥပဒေပုဒ်မ-၃၈(က)တွင် “နိုင်ငံသားတိုင်းသည်၊ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” နှင့်အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်းဥပဒေပုဒ်မ – ၃၉၁(က)တွင် “ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက်(၁၈)နှစ်ပြည့်၍ ဥပဒေအရ၊ အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားဥပဒေအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်” ဟု အတိအလင်းပြဋ္ဌာန်းထားရာ နိုင်ငံနှင့်လူမျိုးကို ချစ်ကြသူတိုင်း မိမိတို့၏ မိသားစုဘဝသာယာချမ်းမြေ့လိုသူတိုင်း နိုင်ငံနှင့်လူမျိုးသစ္စာကိုစောင့်သိရိုသေလိုက်နာ သောအားဖြင့် “မဲရုံသို့သွားကြစို့” ”နိုင်ငံသားအခွင့် အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟု ဆန္ဒမွန်ဖြင့်ထပ်ဆင့်လှုံ့ဆော်သမှုပြုလိုက်ရပါသည်။

စာကိုး
– နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)
– ၉-၁ဝ-၂၅ ရက်နေ့ထုတ် မြဝတီသတင်းစာပါ ဦးရွှေဦး၏ “ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲ”
– နေ့စဉ်ထုတ်သတင်းစာများ

#PAN