မောင်ရွှေခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်လမ်းသွယ်(၂)လမ်းရှိ ပိုင်ရှင် ဦးခင်မောင်ရွှေ၏ (၈၀x၈၀)ပေ၊ RC(၂)ထပ် “မောင်ရွှေခေါက်ဆွဲစက်ရုံ” ဂိုဒေါင်အောက်ထပ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၀၀ နာရီ ၀၃ မိနစ် အချိန်ခန့်က ဒယ်နီအိုးဖြင့် ဟင်းထည့်နွေးပြီး အိပ်ပျော်သွားရာမှ ဒယ်နီးအိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၂၅)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၄၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၈၀x၈၀)ပေ၊ RC(၂)ထပ် ခေါက်ဆွဲဂိုဒေါင်(၁)လုံး၊ (၈၀x၈၀)ပေ၊ RC(၂)ထပ် ခေါက်ဆွဲစက်ရုံ(၁)လုံးနှင့် ခေါက်ဆွဲကြိတ်စက်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ စက်ရုံလုံခြုံရေး ဦးမောင်မောင် (၇၈)နှစ် မီးလောင်သေဆုံးခဲ့သဖြင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးမောင်မောင်(၇၈)နှစ် (သေဆုံး)အား ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။