(ပြည်တွင်း) ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့ပြီး အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်များ၊ ဘက်ဂျက်အသုံးချမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဝင်းစိန်နှင့် (PPP)ပါတီမှ ဦးထွန်းအေးတို့ တက်ရောက်ခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းက အစိုးရသစ်ကာလ လွှတ်တော်အခင်းအကျဥ်းများ အုပ်ချုပ်ရေး၊ဥပဒေပြုရေး ၊တရားစီရင်ရေးနှင့်ရက် (၁၀၀) စီမံချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်၏ ဘက်ဂျတ် အပေါ် တွင် အခြေခံအကျဆုံးဖြစ်တဲ့ မြို့နယ်အဆင့်မှ စ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးဖို့ လိုကြောင်း ဒေသတွင်းလိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြရာတွင်လွှတ်တော် ၊ အစိုးရအဖွဲ့ ၊ဒေသခံပြည်သူ လက်တွဲညီမှ အနာဂါတ်နိုင်ငံတော် တည်ဆောက်ရာမှာ အောင်မြင်မှု ရရှိမှာဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းကလည်း “ရက် ၁၀၀ စီမံချက်အတွင်း လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်နေပြီး ပြည်သူများအသိရှိအောင် လုပ်ဆောင်လျက်ရှိသည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူ ဦးကိုကိုဦးက မြို့နယ်၏ အခြေခံအဆောက်အအုံ၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကို တင်ပြရှင်းလင်းခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက မြို့မိမြို့ဖများ၏ အကြံပြုချက်များကို ရယူပြီး ဒေသဖွံ့ဖြိုးရေး တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သွားမှာဖြစ်ပါတယ် လက်ရှိကိုယ်စားလှယ်များသည် ဘက်ဂျက်များကိုင်တွယ်ရေးဆွဲသည်မဟုတ်သေးပဲ ယခင်အစိုးရရ၏ ဘက်ဂျက်များနှင့် Plan များကို Carry ယူပြီး၊ အစိုးရ၏ ဖြည့်စွက်ဘက်ဂျက်များကိုသာ ဆောင်ရွက်ရခြင်း အချိန်သာဖြစ်ကြောင်း ကို နားလည်ပေးပြီး နောင်ကာလများတွင်း အစိုးရနှင့်ပြည်သူ ကြား ပေါင်းကူးဆက်သွယ်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များက ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်အစိုးရ၏ ဆောင်ရွက်ဆဲ ဆောင်ရွက်ရန်ကျန် စီမံကိန်းများကို မိမိတို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးဂရုပြုရမည်မှာ မိမိတို့ အနေဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အဂတိကင်းစွာ အကျင့်ပျက်မှု ကင်းစွာဖြင့် ဆောင်ရွက်ပေးဖို့ လိုကြောင်း မိမိအနေဖြင့် ကတိပြုကြောင်း ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်းကလည်း ပြည်သူ့အသံနားထောင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။တွေ့ဆုံပွဲအပြီးတွင် မွန်းလွဲပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များရုံး (ကျောင်းကုန်းမြို့နယ်) ဆိုင်းဘုတ်တင်ဖွင့်လှစ်ပွဲနှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းမှူးများနှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပါတီအဆင့်အလိုက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ စုစုပေါင်း ၇၂ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များသည် တည်ဆောက်ရေးအဖွဲ့ (၄) တံတားအထူးအဖွဲ့ (၁၆) မှ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကုန်းတံတား အမှတ် (၂) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လက်ရှိပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို အင်ဂျင်နီယာများထံမှ ရှင်းလင်းနားထောင်ခဲ့သည်။
ထို့ပြင် မြို့ဝင်လမ်းဆုံတွင် “Welcome to Kyaunggon” ဆိုင်းဘုတ်တည်ဆောက်မည့် မြေနေရာ သတ်မှတ်ထားရှိမှုနှင့် မြို့အလှဆင်ရေးလုပ်ငန်းများကိုလည်း ကြည့်ရှုခဲ့ကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ VDP စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။