

(ပြည်တွင်း) အောက်တိုဘာ ၂၂
နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား/အမျိုးသမီး ၄၀ ဦးခန့်မှာ လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်အစိုးရထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော PDF အမျိုးသား/အမျိုးသမီး ၄၀ ခန့်မှာ ရန်ကုန်တိုင်း အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်တိုင်းက အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စစ်ကိုင်းတိုင်းက အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီးသုံးဦးတို့ ဖြစ်ကြကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းအတွင်းက လူငယ်တွေဖြစ်ကြသော PDF အဖွဲ့ ဝင်များမှာ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ PDF လူငယ်အမျိုးသား/အမျိုးသမီး ၁၅ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပြီး PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ မုံရွာမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီးသုံးဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MK-12 တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၁၂ ဗို့ကျည် ကိုးတောင့်၊ လက်လုပ်ပစ္စတို တစ်လက်နှင့် လက်လုပ်ပစ္စတို ကျည်အိမ်တစ်ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား တစ်ဦးလျှင် ဆုကြေးငွေကျပ် သိန်း ၂၀ စီ ဖြင့် စုစုပေါင်းငွေကျပ်သိန်း ၄၂၀ နှင့် စားသောက် ဖွယ်ရာများပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်လုပ်ရပ်ဟူသမျှကို ပြုလုပ်နေသည့်အပေါ် စိတ်မပါတော့ခြင်းကြောင့် လက်နက်ကိုင် လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။