ပုသိမ်မြို့၌ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/သူ (၃၀)ဦး လွှတ်ပေး

(ပြည်တွင်း) ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ပုသိမ်အကျဉ်းထောင်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ၂၀ မိနစ်အချိန်တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၅၁/၂၀၂၆) အရ လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား/သူများအား လွှတ်ပေးခဲ့‌ေကြာင်း သိရသည်။

ပုသိမ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသူ အကျဉ်းသား ကျား (၂၅)ဦး၊ မ (၅)ဦး စုစုပေါင်း (၃၀)ဦးအား ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးအောင်၊ အကျဉ်းဦးစီးဌာန (ပုသိမ်) မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း၊ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်လင်း၊ ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံကာ ဆုံးမအမှာစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ အကျဉ်းဦးစီးဌာန (ပုသိမ်) မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းက လွတ်မြောက်လာသူများအား ခရီးစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။