မဲစာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ အချိန်ပိုမိုရရှိစေရန် မဲစာရင်းကြေညာရက်ကို ထပ်မံတိုးမြှင့်

(ပြည်တွင်း) အောက်တိုဘာ ၁၀

မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာမှာ အချိန်ပိုမိုရရှိစေရန်အတွက် မဲစာရင်းကို အောက်တိုဘာလ ၁၄ ရက်က‌နေ ၂၀ ရက်အထိ ၇ ရက်ကြာ ထပ်မံတိုးမြှင့်ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၉ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒါကြောင့် မိမိအမည်မဲစာရင်းမှာ ပါဝင်ခြင်းမရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းမှာ အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း မပါဝင်သင့်သူများပါဝင်နေပါက ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်းခြင်းများကို အောက်တိုဘာလ ၂၀ ရက်အထိ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က အသိပေးထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ရှိနေတဲ့ ပြည်တွင်း၊ပြည်ပ မဲဆန္ဒရှင်များအနေနဲ့ ကြိုတင်ဆန္ဒ မဲပေးခြင်းနှင့်ပတ်သက်ပြီး ရက်တိုးမြှင့်သတ်မှတ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၉ ရက်မှာ အသိပေးထားပါတယ်။

ကြိုတင်မဲပေးမည့် သက်ဆိုင်ရာ ကျောင်း၊သင်တန်း၊အချုပ်ခန်း နှင့် ဆေးရုံအကြီးမှူးများက မဲဆန္ဒရှင်များ ဖြည့်သွင်းပြီးတဲ့ ပုံစံ(၁၅)များကို မြို့နယ်အလိုက်ပြုစုထားတဲ့ မှတ်ပုံတင်စာရင်း ပုံစံ(၁၅-က)နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ အောက်တိုဘာလ ၁၂ ရက်အစား အောက်တိုဘာလ ၁၇ ရက် အရောက်ပေးပို့ရန် သတ်မှတ်ကြောင်း ကော်မရှင်က အသိပေးချက်မှာ ဖော်ပြထားပါတယ်။

ထို့အတူ ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့်လည်း ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ ခွဲထံ အောက်တိုဘာလ ၁၇ ရက်အရောက်ပြန်လည်ပေးပို့ရန် တိုးမြှင့်သတ်မှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံပြင်ပ ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ မဲပေးနိုင်ရန် ဖြည့်သွင်းပြီးတဲ့ ပုံစံ(၁၅) များကို အောက်တိုဘာလ ၁၇ ရက်အရောက်ပေးပို့ရန် တိုးမြှင့်သတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။

#PAN