(မှုခင်း)အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အနောက်မြို့ရှောင်လမ်း၊ သဲကြီးကုန်းကျေးရွာအနီးတွင် အထည်ချုပ်စက်ရုံကြိုပို့ မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ စက်ရုံလုပ်သား ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပဲခူးတက္ကသိုလ်ဘက်မှ ကလိကျေးရွာဘက်သို့ ယာဉ်မောင်း စိုင်းဝဏ္ဏထွန်း မောင်းနှင်လာသည့် HINO RAINBOW အမျိုးအစား MINI BUS အဖြူရောင်ယာဉ်အား မကင်းရာ ကလိကျေးရွာဘက်မှ မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ယာဉ်မောင်း သူရအောင် မောင်းနှင်သော MITSUBISHI FUSO EXPRESS ဖြူ/အနီရောင် မော်တော်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောအတွင်း ရောက်ရှိကာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ် နှစ်စီးလုံး၏ ရှေ့ဦးခေါင်းပိုင်းများ ကြေမွပျက်စီးခဲ့ကာ MITSUBISHI FUSO ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် VHT နှင့် K Fine အထည်ချုပ်စက်ရုံတို့မှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း လုပ်သား ၂၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး၊ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်စေခဲ့သူ ယာဉ်မောင်း သူရအောင် အား ပဲခူးမြို့နယ်၊ အမှတ် (၂) ရဲစခန်းက အမှုဖွင့် ဖမ်းဆီးထားပြီး အရေးယူနိုင်ရေး ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN