မြစ်ကြီးနားမြို့၌ ကျပ်သန်း ၃ သောင်းနဲ့ ပြည်နယ်တရားလွှတ်တော်ရုံးအဆောက်အဦးသစ်ဆောက်လုပ်မည်

(ပြည်တွင်း) အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄/ယောရင်ကွင်း)၊ ဦးပိုင်အမှတ်(၃၅/၂ င၊ ၃၅/၂ စ)၊ ဧရိယာ ၂ ဒသမ ၂၇ ဧကပေါ်မှာ RC(၄)ထပ် ပြည်နယ်တရားလွှတ်တော်ရုံးအဆောက်အဦသစ်အား ရန်ပုံငွေ ကျပ်သန်း ၃ သောင်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြည်နယ်တရားလွှတ်တော်ရုံးအဆောက်အဦးသစ်ကို ခေတ်စနစ်နှင့်လျော်ညီပြီး တရားရေးမဏ္ဍိုင်၏ အဓိကအဆောက်အဦအဖြစ်တည်ရှိစေရန် တင်ဒါအောင်မြင်ခဲ့တဲ့ G3 Group Limited တာဝန်ယူ၍ ၂၀၆ ပေ × ၁၅၃ ပေရှိ RC (၄)ထပ်အဆောက်အဦသစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်မည့်မြေနေရာ၊ မြေယာပြုပြင်နေမှုနှင့် ဆောင်ရွက် သွားမည့် အသေးစိတ်အစီအစဉ်များ၊ တည်ဆောက်သွားမည့်အစီအစဉ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများမှ အောက်တိုဘာလ ၈ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။

#PAN