ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ကျောင်းဝင်းအတွင်းနဲ့စာသင်ခန်းတွေတွင်းကို လက်ကိုင်တယ်လီဖုန်းမယူဆောင်ဖို့ အခြေခံပညာဦးစီးဌာန တားမြစ်

(ပြည်တွင်း) အောက်တိုဘာ ၉

ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများ ကျောင်းဝင်းအတွင်းနဲ့ ကျောင်းစာသင်ခံတွေအတွင်းကို လက်ကိုင်တယ်လီဖုန်းတွေမယူဆောင်ကြဖို့ အခြေခံပညာဦးစီးဌာနကတားမြစ်တဲ့အကြောင်းကြားစာထွက်ပေါ်လာပါတယ်။

ဒီအကြောင်းကြားစာဟာ အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းကစလို့ လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နှံ့ထွက်ပေါ်လာတာဖြစ်လို့ အတည်ပြုနိုင်ဖို့ နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကတဆင့် ပညာရေးဝန်ကြီးဌာနကို PAN က မေးမြန်းခဲ့ပေမယ့် ယခုသတင်းဖော်ပြတဲ့အထိ ပြန်လည်ဖြေကြားတာတော့ မရှိပါဘူး။

ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေ အမျိုးသားသင်ရိုးနဲ့ သင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဝင်းအတွင်းကို လက်ကိုင်ဖုန်း လုံးဝယူဆောင်ခွင့်မပြုဖို့ကို အောက်တိုဘာလ ၆ ရက်စွဲနဲ့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားတာလို့ စာမှာပါရှိပါတယ်။

ဒါအပြင် ဆရာ၊ ဆရာမတွေကို စာသင်ချိန်အတွင်းမှာ စာသင်ခန်းထဲကို လက်ကိုင်ဖုန်းယူဆောင်တာတွေမလုပ်ဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒီစာနဲ့ပတ်သက်ပြီး သက်ဆိုင်သူအချို့ကို PAN က ဆက်သွယ်မေးမြန်းကြည့်ရာမှတော့ ဒီ ညွှန်ကြားချက်ကို မရရှိသေးဘူးလို့ဆိုကြပါတယ်။ တချို့ကလည်း အရင်ကတည်းက ကျောင်းသားကျောင်းသူတွေကို ကျောင်းတွင်းစည်းကမ်းထုတ်တားမြစ်ထားတယ်လို့ဖြေပါတယ်။

မြန်မာနိုင်ငံမှာ လူမှုကွန်ယက်အချို့ကို VPN ခံသုံးနေရချိန် လွတ်လပ်စွာသုံးခွင့်ရနေတဲ့ TikTok လူမှုကွန်ယက်ကို မြန်မာပြည်သူတစ်လုပ်လုံးအင်နဲ့အားနဲ့အသုံးပြုလာကြပြီး စီပွားရေးလုပ်ငန်းတွေကအစ သင်ယူမှုတွေလည်းရှိနေသလို မကောင်းမှုတွေကလည်း ဒွန်တွဲရှိလာနေပါတယ်။
အဲ့ဒီအထဲမှာမှ ဝေးလံခေါင်သီပြီ နိုင်ငံတော်ကအဆောက်အအုံမဆောက်လုပ်ပေးနိုင်တဲ့ ဆင်ရဲနွမ်းပါးကျေးရွာတစ်ချို့က ဆရာဆရာမတွေ TikTok အသုံးပြုမှုတွေကြောင့် စေတန်ာရှင်တွေကလှူဒါန်းတဲ့ စာသင်ဆောင်အသစ်တွေရရှိလာတာ၊ မြန်မာစကားနားမလည်တဲ့ တိုင်းရင်းသားတွေကို မိခင်တိုင်းရင်းသားဘာသာစကားနဲ့ သင်ရိုးသင်ကြားပေးနေကြတဲ့ ဆရာဆရာမတွေကို TikTok အစွမ်းနဲ့ပဲ ပြည်သူတွေက ကောင်းချီးပေးနေကြတာတွေလည်း ရှိနေပါတယ်။

မနေ့ကထွက်ပေါ်လာတဲ့ညွှန်ကြားစာဟာ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်စွဲပါ စာအမှတ်၊ ဌာနခွဲ (၁၆-က)/၂၁၈၇၂/လမ်းညွှန်ချက် (၀၅၆/၂၀၂၆) ကို အခြေခံကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျောင်းတွေမှာ သင်ကြားသင်ယူမှုနဲ့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထားပါတယ်။

ဒီစာအရ သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးတွေ မြို့နယ်ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်ကြီးတွေအနေနဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့် ကြပ်မတ်ဖို့နဲ့ ညွှန်ကြားချက်ကို သိရှိလိုက်နာမှာဖြစ်တယ်ဆိုတာကို လက်မှတ်ရေးထိုးထားတဲ့ မှတ်တမ်းတွေနဲ့အတူ Hard Copy တစ်စုံကို အောက်တိုဘာ ၉ ရက်အရောက် သက်ဆိုင်ရာ တိုင်းရုံး၊ ဌာနခွဲ (၇-က) တွေကိုပေးပို့ဖို့ အကြောင်းကြားထားတာဖြစ်ပါတယ်။