
(ပြည်တွင်း) ဩဂုတ် ၁
နစက အစိုးရလက်ထက်မှာ နိုင်ငံ GDP ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတ(ယာယီ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေဟာ ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာစုစုပေါင်းရငွေ ကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာကနေ နစက အစိုးရလက်ထက်မှာ အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ရဲ့ ဂျီဒီပီတန်ဖိုးဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၁၀၈၂၀၅ ဒသမ ၇၂ ဘီလီယံရှိရာက မိမိတို့ အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၆၀၆၅၄ ဒသမ ၈၂ ဘီလီယံ အထိ၊ GDP တိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ မှန်ကန်ပြည့်စုံမှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မိမိတို့နိုင်ငံရဲ့ဂျီဒီပီကိုလျော့နည်းနိုင်တယ်လို့ ကြိုတင်သုံးသပ်ထားပေမယ့်လည်း မိမိတို့အနေနဲ့ နိုင်ငံ့စီးပွားရေးပြန်လည် ကောင်းမွန်စေရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။