(မှုခင်း) ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာမှာရှိတဲ့ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)က အလယ်တန်းပြဆရာမတစ်ဦးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူကို PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)က အလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သန်းညွန့် အသက် ၆၁ နှစ်နဲ့ ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် ၅၉ နှစ်တို့ဟာ နေအိမ်မှာရှိနေစဉ် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက PDF .အကြမ်းဖက်သမားတွေရောက်ရှိလာပြီး ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
PDF အကြမ်းဖက်သမားတွေဟာ ဆရာမဒေါ်သန်းညွန့်ကို သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant- DCS) ပြုလုပ်ဖို့နဲ့ ကျောင်းအပ်လက်ခံတာတွေ ဆက်လက်မလုပ်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပေမယ့် ဆရာမ ဒေါ်သန်းညွန့်က ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်အရေးအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ကျေပွန်လိုတာကြောင့် ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် အခုလိုသတ်ဖြတ်ခဲ့တာဖြစ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။
PDF အမည်ခံအကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်ထောက်ခံအားပေးမှုမရှိတဲ့အတွက် အလယ်တန်းပြဆရာမနဲ့ ခင်ပွန်းဖြစ်သူကို ကျေးရွာရဲ့ အနောက်ဘက် ၂ မိုင်ခန့် အကွာကိုအတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်က ၂၀၂၅ခုနှစ် ဇွန်လ ၁ ရက်ထိ PDF အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီး ညှင်းပန်းသတ်ဖြတ်မှုတွေကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၇၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
#PAN