“ပထမအကြိမ် အာဆီယံဒူးရင်းပွဲတော်၌ မြန်မာနိုင်ငံမှ ပါဝင်ရန်ဖိတ်ခေါ်”

(နိုင်ငံတကာ) မေ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအတွင်းမှာ “Bridging Tastes” ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံဒူးရင်းပွဲတော်ကို ကျင်းပမှာဖြစ်လို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ(သို့မဟုတ်) အခြားစားသောက်ကုန် များကို ပြသရန်ဖိတ်ခေါ်ထားကာ ACC မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခု အခမဲ့စီစဉ်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ပါဝင်ပြသလိုသည့် သံရုံးများအနေနဲ့ ACC မှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် Survey Questionnaire QR Code Form များကို မေလ ၃ဝ ရက် နောက်ဆုံးထားဖြည့်စွက်ရမယ်လို့ အသိပေးထားသည်။

အာဆီယံဒူးရင်းပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ လာရောက်ပြသလိုပါက ASEAN-China Centre-ACC အနေနဲ့ မြန်မာသံရုံးအတွက် စီစဉ်ပေးထားသည့် ပြသစင်နေရာတွင် ပါဝင်ပြသနိုင်ပြီး အသွားအပြန် လေယာဉ်လက်မှတ်ခနှင့် တည်းခိုနေထိုင်စရိတ်များကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်ဟု သိရသည်။

ပထမအကြိမ်ကျင်းပမည့် အာဆီယံဒူးရင်းပွဲတော်သို့ မြန်မာလုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင် တက်ရောက် ၍သော်လည်းကောင်း၊ လူကိုယ်တိုင်မတက်ရောက်နိုင်ပါက ပြသလိုသည့် ထုတ်ကုန်ပစ္စည်းများကို ပံ့ပိုးပေးခြင်းဖြင့် ပါဝင် ပြသနိုင်သည်ဟု သိရသည်။

ပါဝင်တက်ရောက်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇- ၄ဝ၈၆၂၃ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထားသည်ဟု သိရသည်။

#PAN