ယူကရိန်းသို့ ဗြိတိန်မှတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ် ဖျက်သိမ်းမည်


(နိုင်ငံတကာ) ဧပြီ ၂၇

ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ် မည်ဆိုပါက ဗြိတိန် နိုင်ငံအနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း အမည်မဖော်လိုသူအရင်းအမြစ်များ၏ပြောကြားချက်ကို ကိုးကား၍ The Times သတင်းစာက ဖော်ပြသည်။

ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် အစောပိုင်း တွင် ဆွေးနွေးခဲ့ကြသော်လည်း အဆိုပါနိုင်ငံများ၏ အစီအစဉ်ကို ရုရှားနိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ထို့ပြင် ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ခြင်းသည် နေတိုးနှင့်ရုရှားနိုင်ငံ တို့ကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ရုရှားအစိုးရ က ဧပြီလ ၂၅ ရက် တွင် အတိအလင်း ပြောကြားသည်။

လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ယခင်က စဉ်းစားခဲ့သည့်အတိုင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အား ယူကရိန်းနိုင်ငံအတွင်းသို့ ဖြန့်ကြက်ခြင်းမပြုဘဲ ယူကရိန်းစစ် သည်များကို လေ့ကျင့်သင်ကြားပေးရန် စီစဉ် ထားကြောင်း သိရသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏ လက်နက် များအား ယူကရိန်းသို့ ဆက်လက်ပေးပို့ရန် ဆန္ဒရှိနေကြောင်း The Times သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံအတွင်းသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်သည်များအား ဖြန့်ကြက်ခြင်းသည် အလွန်အန္တရာယ်ကြီးပြီး ဖြန့်ကြက်မည့်တပ်ဖွဲ့ဝင်အရေအတွက်မှာလည်း လုံလောက်မှုမရှိကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် ယူကရိန်းသို့ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရန် ပိုမိုစိတ်အားထက်သန်မှု ရှိသည့် နိုင်ငံဖြစ်ကြောင်း အမည်မဖော်လိုသူအရင်းအမြစ်များ၏ပြောကြားချက်ကို ကိုးကား၍ The Times သတင်းစာက ဖော်ပြထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN