ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလားဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်ဆေးဝါးများလှူဒါန်း

(ပြည်တွင်း) ဧပြီ ၂၄

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ အစိုးရမှ အစားအစာနှင့်ဆေးဝါပစ္စည်းများကို ဧပြီလ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစားအစာနှင့်ဆေးဝါးပစ္စည်းများကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီ တာဝန်ခံ/သံအမတ် ဦးစိုးကိုကို မှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ ၁၄ သိန်းကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ဧပြီလ ၂၁ ရက်က လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါတယ်။

အဆိုပါ ငလျင်ဒဏ်သင့်သူများအတွက်လှူဒါန်းခဲ့ကြတဲ့ အစားအစာ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါတယ်။