(နိုင်ငံတကာ) ဧပြီ ၁၂
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိမှုသဘောတူညီချက်ကို တောင်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့မှ တာဝန်ရှိသူများက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆီးရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အစဉ်အလာမဟာမိတ်နိုင်ငံဖြစ်သည့်တိုင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထားရှိရန် တောင်ကိုရီးယားအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထားရှိနိုင်မှုကြောင့် တောင်ကိုရီးယားနှင့် သံတမန်အဆက်အဆံရှိသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အရေအတွက်မှာ ၁၉၁ နိုင်ငံထိ ရှိလာပြီဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံနှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်ထားသော ဆီးရီးယားနိုင်ငံသည် ရှေးယခင်က တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးမှာ အလှမ်းဝေးခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ် ကလည်း မြောက်ကိုရီးယား၏ အဓိကမဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သော ကျူးဘားနိုင်ငံနှင့် တရားဝင်သံတမန် ဆက်ဆံရေး ထားရှိခဲ့သည်။
သံတမန်ဆက်ဆံရေးထားရှိမှု သဘောတူညီချက်ကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေယူလ်နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အယ်လ်ရှီဘာနီ တို့က ဧပြီလ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PAN