(ပြည်တွင်း) ဧပြီ ၆

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက် ရောက်ရှိလာကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိလာရာ ယနေ့နံနက် ၅ နာရီမိနစ်၄၀ အချိန်ခန့်တွင် စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့် ဒေသများအား လှူဒါန်း သည့် ကယ်ဆယ်ရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်း များနှင့် ဆေးဝါးများ၊ ပါဝင်သည့်(၅၇၃၇) Kgကို Asia Cargo Airlines ဖြင့်လည်းကောင်း၊ ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အမေရိကန်ပြည်ထောင်စု၊ Samaritans Purse International Reliefအဖွဲ့မှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့် ဒေသများအားလှူဒါန်း သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဆေးဝါးနှင့် ခွဲစိတ်ခန်းတည်ဆောက်ရန် ဆက်စပ်ပစ္စည်းများပါဝင်သည့် (၂၂၆၃၄) Kg နှင့် ခွဲစိတ် ဆရာဝန်များ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၂၅)ဦးကို တင်ဆောင်ပြီး Samaritans Purse အဖွဲ့ပိုင် လေယာဉ်ဖြင့် လည်းကောင်း အသီးသီးရောက်ရှိလာကြောင်း သိရသည်။
ဆက်လက်ပြီး မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံမှ လှူဒါန်းသော ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့်၊ ဆေးသေတ္တာ၊ ရွက်ဖျင်တဲ၊ ခြင်ထောင်၊ ရေသန့်ဗူးစသည့်ပစ္စည်း ၈၇၃၉၀ kg ကို သယ်ဆောင်လာသည့် AIR CHINA CARGO လေယာဉ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Econnmic and Commercial Counsellory Mr.Ouyang Daobingနှင့် တာဝန်ရှိ သူများက ကြိုဆိုလက်ခံခဲ့ကြကြောင်း သိရသည်။
ယင်းအပြင်ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် သိရိလင်္ကာအစိုးရမှ လှူဒါန်းသော ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ ဆေးရုံသုံးပစ္စည်းများ၊ လက်သန့် ဆေးများ၊ ရေသန့်စင်စက်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် သီရိလင်္ကာ နိုင်ငံတပ်မတော်မှ Brigadier General Karunatilake Hewakattuge Punyasiri ဦးဆောင်သောဆေးတပ်ဖွဲ့ဝင်(၂၆)ဦးတို့သည် သီရိလင်္ကာနိုင်ငံပိုင်လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperumaနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက် ပို့ဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews