(မှုခင်း) မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် မူးယစ်ဆေးဝါးများ ၂ ရက်ဆက်တိုက်ဖမ်းဆီးရမိကြောင်း သိရသည်။

ငွေကျပ် ၃,၃၉၈ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်အောင်မြေရပ်ကွက်နှင့် ဆန်ဆိုင်း (က) ရပ်ကွက်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၉ ရက်ညနေ ၅ နာရီခွဲအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့များက သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ကော်ထူ (ခ) နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၁.၇ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၈၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ မတ်လ ၂၀ ရက်နံနက် ၁၁ နာရီခွဲအချိန်ခန့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ လင်းထွဋ် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရ မိခဲ့ပြီးနောက်စစ်ဆေးချက်အရ ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၆ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဲဒီနောက်ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းရှိ စိုင်းအွန်(ခ)စိုင်းခမ်း ၏နေအိမ်တွင် လည်းကောင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ မြို့ရှောင်လမ်းအနီး၊ မယ်ဆိုင် ရေချောင်းဘေးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၉၆၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အရ ကော်ထူ(ခ)နေသူရိန်(၂၁)နှစ်၊ လင်းထွဋ်(၃၂)နှစ်နှင့် စိုင်းအွန်(ခ)စိုင်းခမ်း(၅၃)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PAN #မူးယစ်ဆေးဝါး #တာချီလိတ်