(ပြည်တွင်း) မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ ယခုနှစ်အစောပိုင်းမှာ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် လျော့နည်းလာတယ်လို့ သိရပါတယ်။

ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းဟာ ကုန်းနေရေနေ သယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာ မပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေ လေ့လာကြတဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်။
လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်းမှာ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ရေနေတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ဆလုံတိုင်းရင်းသားတို့ရဲ့ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံ ခရီးသွားအရင်းအမြစ်များစွာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ ယခင်နှစ် ခရီးသွားရာသီမှာ ခရီးသွား ၂၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပြီး ပြည်ပခရီးသွား အနေနဲ့ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ အီတလီ၊ ထိုင်း၊ ဖိလစ်ပိုင် စတဲ့နိုင်ငံများမှ ခရီးသွားများလာရောက်ခဲ့တယ်လို့ သိရပါတယ်။
ဝါးအလယ်ကျွန်းသို့ ပြည်တွင်း၊ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ရေအောက်သန္တာကျောက်တန်းများ အလှကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်း၊ ကယက်လှေစီးခြင်း၊ ဒီရေတောနှင့်အမြဲစိမ်းတောအလှကို ကြည့်ရှုခြင်း၊ ရေနေ/ ကုန်းနေသတ္တဝါများ၊ ရှားပါးအပင်များနှင့် ပင်လယ်လိပ်များကို ကြည့်ရှုခြင်း၊ အဏ္ဏဝါအလှနှင့် နေဝင်ဆည်းဆာသဘာဝ အလှကို ကြည့်ရှုခံစားခြင်းနှင့် အေးချမ်းလှပတဲ့ ပင်လယ်ပြင်နှင့်ကျွန်း၏သဘာဝအလှကို ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြလေ့ရှိတယ်လို့ သိရပါတယ်။
#PAN #ဝါးအလယ်ကျွန်း #သဘာဝအခြေခံအပန်းဖြေစခန်း #တနင်္သာရီတိုင်းဒေသကြီး