(ပြည်တွင်း) မတ်လ ၉

မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၀ကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ရာ၌ ယနေ့တွင် တရုတ်နိုင်ငံသား ၂၁၄ ဦးကို မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးရာ အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ ကရင် ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေး ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ်များထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။
အလားတူ မြဝတီမြို့-မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၄၀ ဦးကို ယနေ့တွင် ထပ်မံ စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၄၈၄၂ ဦးကို စစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၂၁၈၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၅၃ ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews