(နိုင်ငံတကာ) မတ်လ ၈

ဥရောပသမဂ္ဂ သို့မဟုတ် အီးယူအဖွဲ့ဝင် နိုင်ငံအားလုံးကို ကာကွယ်ပေးနိုင်ရန် အတွက် နျူကလီးယား လက်နက်အသုံးပြုရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမည်ဟူသော ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်၏ ပြောကြားချက်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားသည်ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့က မတ်လ ၆ ရက် တွင်ပြောကြားခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးကို ကာကွယ်ပေးနိုင်ရန် အတွက် နျူကလီးယားလက်နက်အသုံးပြုရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ပြီး အီးယူနိုင်ငံများ ကလည်း ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ထားကြရန် သမ္မတ မက်ခရွန်က မတ်လ ၅ ရက် အစောပိုင်းတွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်အစိုးရသည် လာမည့် ရက်သတ္တပတ်တွင် ယူကရိန်းနိုင်ငံသို့ စစ်သည်များ စေလွှတ်ရန် ဆန္ဒ ရှိနေသည့် အီးယူနိုင်ငံများမှစစ်ဦးစီးချုပ်များနှင့်တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ကျင်းပ၍ ယူကရိန်းအရေးကို ဆွေးနွေး မည် ဖြစ်ကြောင်း မက်ခရွန်က ဆက်ပြောသည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် ရှေးယခင် က ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာပတ်နှင့် ဂျာမနီမှ နာဇီခေါင်းဆောင် အဒေါ့ဟစ်တလာတို့ကဲ့သို့ ရုရှားအပေါ်အနိုင်ရရှိရန် ကြိုးပမ်း လျက် ရှိကြောင်း လက်ရော့က တုံ့ပြန်ပြောကြားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ရုရှားနှင့်အမေရိကန် ပြည်ထောင်စုတို့သည် ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူး ၅,၀၀၀ ကျော်စီ ပိုင်ဆိုင်ထားသည့် နျူကလီးယား အင်အားကြီးများအဖြစ် ရပ်တည်နေပြီး တရုတ်နိုင်ငံက နျူကလီးယား ထိပ်ဖူး ၅၀၀ ခန့်၊ ပြင်သစ်နိုင်ငံက ထိပ်ဖူး ၂၉၀ နှင့် ဗြိတိန်က ထိပ်ဖူး ၂၅၀ ခန့် ပိုင်ဆိုင်ထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews